DVB Logo
Home
မြန်မာသတင်း
ကာဒီနယ်ချားလ်းမောင်ဘို၏ ဇာတိရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
DVB
·
November 26, 2022
ကာဒီနယ်ချားလ်းမောင်ဘို၏ ဇာတိရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
Donate to DVB

မြန်မာနိုင်ငံက ကက်သလစ်ခရစ်ယာန် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုရဲ့ ဇာတိမြေဖြစ်တဲ့ စစ်ကိုင်းတိုင်းထဲက မုံလှရွာမှာ စစ်ကောင်စီတပ်တွေက ပြည်သူတွေရဲ့ အိမ်ခြေရာပေါင်း များစွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်း ဟောင်ကောင်အခြေစိုက် UCANews မှာ  ဖော်ပြပါတယ်။

ရွှေဘိုခရိုင်ခင်ဦးမြို့နယ်မှာရှိတဲ့ မုံလှရွာဟာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကက်သလစ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အတူယှဉ်တွဲနေထိုင်လာခဲ့ကြတဲ့ နေရာဖြစ်ပြီး နိုဝင်ဘာလ ၂၄ ရက်မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း မီးရှို့သွားခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အိမ်ခြေဘယ်လောက်မီးရှို့ခံခဲ့ရတယ်ဆိုတာကို အတိအကျမသိရသေးသလို စိန့်မိုက်ကယ်ဘုရားကျောင်းလည်း မီးထဲပါသွားခြင်းရှိမရှိကိုတော့ မသိရသေးဘူးလို့ အဲဒီသတင်းကပြောပါတယ်။

မန္တလေးက ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကလည်း “ကျနော်တို့ရွာမှာ လောင်နေတဲ့ မီးတောက်တွေဟာ ကျနော့်ရဲ့ နှလုံးသားကိုလည်း လောင်ကျွမ်းစေတယ်” လို့ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ကက်သလစ်ဘာသာဝင် အမျိုးသမီးတစ်ယောက်ကလည်း “ကျမတို့ ရွာပြန်ရောက်ရင် နေစရာအိမ်မရှိတော့ဘူး၊ အမေရေ” လို့ ငိုကြွေးနေခဲ့ပါတယ်။

အဲဒီမတိုင်ခင်ရက်က မုံလှရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးခဲ့ရပြီးနောက်  စစ်ကောင်စီတပ်က အခုလို ရွာကိုဝင်ရောက်မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။ 

တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ မုံလှရွာထဲကို ဂျက်တိုက်လေယာဉ်တွေနဲ့လည်း လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မုံလှဟာ စစ်ကောင်စီတပ်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကိုအကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ဇူလိုင်လအတွင်းမှာလည်း စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကက်သလစ်ဘာသာဝင်ရော ဗုဒ္ဓဘာသာဝင် ရွာသားတွေပါအကုန် တောထဲမှာပြေးပုန်းခဲ့ကြရတယ်လို့ ဆိုပါတယ်။ 

ကက်သလစ်ဘာသာဝင်တွေနေထိုင်ရာ ချမ်းသာရွာနဲ့ ချောင်းရိုးရွာတွေကိုလည်း မေလနဲ့ ဇွန်လတွေမှာ စစ်ကောင်စီရဲ့တပ်တွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ UCANews သတင်းက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အမြစ်ပြတ်ချေမှုန်းရေးဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက သမိုင်းဝင်ကက်သလစ်ရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မုံလှ၊ ချောင်းရိုးနဲ့ ချမ်းသာရွာတွေဟာ ၁၆ ရာစုနဲ့ ၁၇ ရာစုနှစ်တွေတည်းကမြန်မာနိုင်ငံကို ရောက်လာခဲ့ကြတဲ့ ပေါ်တူဂီတွေနွယ်ဖွားတွေရဲ့ နယ်မြေတွေဖြစ်သလို ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီးတွေရဲ့ နယ်မြေလည်းဖြစ်ပါတယ်။

အဲဒီဒေသကနေ ခရစ်ယာန်ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေ အမြောက်အမြားပေါ်ထွက်ခဲ့ကြပြီး မုံလှရွာဟာ ကက်သလစ်သာသနာပိုင်ဘုန်းတော်ကြီး မာကိုတင်ဝင်းနဲ့ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်မောင်ဘိုတို့ရဲ့ ဇာတိဖြစ်ပါတယ်။

ကက်သလစ်သာသနာပိုင်ဘုန်းတော်ကြီး မာကိုတင်ဝင်းက “အဲဒီရွာတွေဟာ အခု အိမ်တွေသစ်ပင်တွေမရှိတော့တဲ့ ပြာတွေနဲ့အပြည့် မီးလောင်ပြင်ဖြစ်နေပြီ။ ကိုယ့်အိမ်မှာ ကိုယ်မနေနိုင်တော့ဘဲ ယာယီတဲတွေနဲ့ ဖြစ်သလိုနေပြီး ဆာလောင်မှုကိုခံစားနေကြရတဲ့ ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှစ်မတွေအတွက် အလွန်ပဲစိတ်ထိခိုက်ကြေကွဲရပါတယ်”လို့ ဇူလိုင်လအတွင်းမှာ ပြောခဲ့ဖူးပါတယ်။

ကာဒီနယ် ချားလ်စ်မောင်ဘိုဟာ  ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ခရစ္စမတ်ကိတ်ကို အတူခွဲခဲ့ကြတာကြောင့် ကက်သလစ် ဘာသာဝင်တွေသာမကဘဲ အခြားဘာသာရေးအဖွဲ့အစည်းတွေကပါ ဝေဖန်ခဲ့ကြပါတယ်။

ချားလ်စ်မောင်ဘိုအပါအဝင် ဗုဒ္ဓဘာသာ၊ မွတ်စလင်ဘာသာနဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင် တချို့ကို စစ်ခေါင်းဆောင်က ဆုတံဆိပ်တွေ ပေးအပ်ချီးမြှင့်ထားပါတယ်။

Ref UCANews

Photo-RVA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013