
မကွေးတိုင်း ပခုက္ကူမြို့မှာ ဆိုင်ကယ်စီနင်းမှုကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေ/အုပ်ဦးစီးဌာနက နိုဝင်ဘာ ၂၄ ရက်က စတင် ကန့်သတ်တားမြစ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့အတွင်း ဆိုင်ကယ် တစီးကို လူ တယောက်သာ မောင်းနှင် စီးနင်းခွင့်ရှိပြီး မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိသာ မောင်းနှင်ခွင့်ရှိတဲ့အပြင် ည ၆ နာရီမှ နောက်တနေ့ မနက် ၈ နာရီအထိ လုံးဝ စီးနင်းခွင့်မရှိဘူးကြောင်း စစ်ကောင်စီက ကြေညာခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက "ဆိုင်ကယ် တစီးကို နှစ်ယောက် စီးခွင့်မရှိဘူး။ စစ်ဆေးရေးဂိတ်က စစ်သားတွေ ဒီနေ့(နိုဝင်ဘာ ၂၄ရက်) တစီးချင်း လိုက်ပြောတာ။ မနက်ဖြန်ဆို မစီးရတော့ဘူး"လို့ ပြောပါတယ်။
မကွေးတိုင်းအတွင်း အကြမ်းဖက်တွေက ဆိုင်ကယ်စီးနင်းကာ လက်နက်ငယ်နဲ့ပစ်ခတ်တာ၊ လက်လုပ်မိုင်းနဲ့ ပစ်တာ၊ မိုင်းထောင်ဖောက်ခွဲတာ၊ လုယက်တာနဲ့ပြန်ပေးဆွဲတာတွေကို လုပ်နေတာကြောင့် ရက်ပေါင်း ၆၀ ကန့်သတ်တား မြစ်လိုက်တယ်လို့ နိုဝင်ဘာ ၂၄ ရက် ပခုက္ကူမြို့ ထွေ/အုပ်ဦးစီးဌာနက ကြေညာထားတယ်လို့ ဆိုပါတယ်။
လတ်တလော ပခုက္ကူမြို့ပေါ်မှာ စစ်ကောင်စီတပ်က စစ်ဆေးရေး တင်းကျပ်နေပြီး ဧည့်စာရင်း လည်း ရှောင်တခင် စစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူမြို့က အမှတ် ၁၄ အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း နိုဝင်ဘာ ၂၂ ရက်က ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာကြောင့် စစ်ဆေးရေးတင်းကျပ်တာလို့ သိရပါတယ်။