DVB Logo
Home
မြန်မာသတင်း
ပထမဆုံးအကြိမ် ရခိုင်အမျိုးသားနေ့ အခမ်းအနားကျင်းပ
DVB
·
May 14, 2014
ပထမဆုံးအကြိမ် ရခိုင်အမျိုးသားနေ့ အခမ်းအနားကျင်းပ
Donate to DVB

ရခိုင်အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကို ပထမဆုံးအကြိမ် ရန်ကုန်မြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။

ရခိုင်အမျိုးသားနေ့ကို မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ရခိုင်အမျိုးသားညီလာခံမှာ သတ်မှတ်ခဲ့တာပါ။

ပြည်ထောင်စုအစိုးရထံက တရားဝင်အသိအမှတ်ပြုမှု မရသေးပေမယ့် ရခိုင်မျိုးသားနေ့ကို ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဦးစီးမှုနဲ့ မေ ၁၄ ရက်နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သက်မှတ်ကျင်းပလိုက်ပါတယ်။

Arakan National Day14052014ရခိုင်အမျိုးသားနေ့ကို ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ရခိုင်ဓမ္မာရုံမှာ မနက် ၈ နာရီခွဲက စတင်ကျင်းပတာဖြစ်ပြီး ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်နဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်၊ ရခိုင်လူမှု အဖွဲ့အစည်းတွေ့နဲ့ ရခိုင်တိုင်းရင်းသား ၆၀ ကျော် တက်ရောက်ပါတယ်။

ရခိုင်အမျိုးသားနေ့ကို ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှာ ဧပြီ ၂၇ ရက်နေ့ကနေ့ မေ ၅ ရက်နေ့အထိ ကျင်းပတဲ့ ရခိုင်အမျိုးသားညီလာခံကနေ တခဲနက် အတည်ပြုခဲ့တာဖြစ်ပါတယ်။

ဒီအခမ်းနားမှာ သဘာပတိအဖြစ်ဆောင်ရွက်တဲ့ ရခိုင်အမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ရခိုင်အမျိုးသားနေ့ကို နိုင်ငံရေးအနှစ်သာရရှိရှိ ပထမအကြိမ်ကျင်းပနိုင်ဖို့ ရခိုင်တမျိုးသားလုံး မျှော်လင့်နေခဲ့တာလို့ ပြောပါတယ်။

“ကျနော်တို့ လွတ်လပ်ရေးလွန်ကာလ နှစ်ပေါင်း ၆၀ ကျော်လောက်မှာ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးကို သွန်းလောင်းတဲ့နေ့ကို ရခိုင်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းနိုင်ခြင်း သည်လည်းပဲ ကျနော်တို့ရဲ့ အမျို၊းဘာသာ သာသနာ မကွယ်ပျောက်ရအောင် ရခိုင်လူမျိုးတွေက ဘာသာသာသနာအပေါ်မှာ ရှေ့ဆက် ရခိုင်လူထုအားလုံး လိုလားတဲ့ လမ်းကြောင်းကို ချမှတ်ပေးလိုက်တယ်လို့ ကျနော်တို့ သုံးသပ်မိပါတယ်။”

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးအေးသာအောင်ကလည်း ရခိုင်အမျိုးသားနေ့ အဖြစ် ပြုလုပ်နိုင်ဖို့ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့တာကြာပြီလို့ ပြောပါတယ်။

“ကျနော်တို့ ရခိုင်တွေက အထင်ကရ ထီးနဲ့ နန်းနဲ့ နေခဲ့တဲ့ လူမျိုး၊ သမိုင်းစဉ်လာအရလည်း ရှည်လျားတဲ့ လူမျိုးတမျိုး။ အမျိုးသားနေ့ တနေ့အနေနဲ့ တညီတညွတ်ထဲ မချမှတ်နိုင်ခဲ့တဲ့ အတွက်ကြောင့် ကျနော်တို့ဟာ အားမလိုအားမရ မကျေနပ်မှုတွေ ရှိခဲ့ပါတယ်။ အခုတော့ ကျောက်ဖြူညီလာခံက တညီတညွှတ်တည်း ချမှတ်လိုက်တဲ့ အမျိုးသားနေ့ဆိုတာ ပေါ်လာတယ်။ ဒီနေ့ ပထမအကြိမ် ကျင်းပနိုင်ခဲ့တဲ့အတွက် ကျနော့်အနေနဲ့ အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။”

ရခိုင်အမျိုးသားနေ့ကို ရန်ကုန်တိုင်းဒေသကြီးအပြင် မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် တခုလုံး၊ ထားဝယ် နဲ့ ရခိုင်တိုင်းရင်းသားတွေ နေထိုင်ရာမြို့တွေမှာလည်း တပြိုင်တည်း ကျင်းပ ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ကျင်းပတဲ့ ရခိုင်အမျိုးသားနေ့ကိုတော့ အစိုးရအဖွဲ့များမှ တက်ရောက်ခြင်း မရှိဘဲ ရခိုင်ပြည်နယ်မှာ ကျင်းပတဲ့ ရခိုင်အမျိုးသားနေ့ကိုတော့ အစိုးရအဖွဲ့ဝင်တချို့ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013