DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့ သစ်သီးဈေးကွက်တွင် ပန်းသီးဈေးနှုန်း ယခင်နှစ်ထက် ၄ ဆခန့် မြင့်တက်
DVB
·
November 23, 2022
မန္တလေးမြို့ သစ်သီးဈေးကွက်တွင် ပန်းသီးဈေးနှုန်း ယခင်နှစ်ထက် ၄ ဆခန့် မြင့်တက်
Donate to DVB

မန္တလေးသစ်သီးဈေးကွက်မှာ တရုတ်နိုင်ငံက နှစ်တိုင်းတင်သွင်းတဲ့ ပန်းသီး ဈေးနှုန်းတွေ မြင့်တက်လာပြီး မနှစ်ကထက် ဈေးနှုန်း ၄ ဆလောက်အထိ မြင့်တက်လာတယ်လို့ မန္တလေးမြို့က သစ်သီးပွဲရုံတွေကနေ သိရပါတယ်။

အရင်က ပန်းသီးတဖာကို မြန်မာငွေကျပ် ၂ သောင်းကျော် ၃ သောင်းဈေး ရှိခဲ့ပေမယ့် အခုအချိန်မှာ ပန်းသီးတဖာကို ငွေကျပ် ၁ သိန်းကျော်အထိ ပေးဝယ်နေရပြီးတော့ လက်လီဈေးအနေနဲ့ တလုံးကို ငွေကျပ် ၅၀၀၊ ၆၀၀ လောက်အထိ မြင့်တက်နေတယ်လို့ သစ်သီးပွဲရုံပိုင်ရှင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံက တိုက်ရိုက်တင်သွင်းခဲ့တဲ့ ပန်းသီးတွေဟာ အခုအချိန်မှာ ထိုင်းနိုင်ငံဘက်ကတဆင့် ဝင်ရောက်လာတာကြောင့် ပန်းသီး  တဖာကို မြန်မာငွေကျပ် ၃ သောင်းလောက်အထိ ဈေးပိုပေးဝယ်ယူနေရတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကတဆင့် ထိုင်းနိုင်ငံကို တင်ပို့ချိန်မှာ ပေးဆောင်ရတဲ့ အခွန်နဲ့ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လည်တင်သွင်းချိန်မှာပေးဆောင်ရတဲ့ အခွန်အခနဲ့ ပိုပြီးဈေးမြင့်တက်လာတာ လို့ မန္တလေးမြို့က သစ်သီးပွဲရုံပိုင်ရှင်တဦး ပြောပါတယ်။

“ကျနော်တို့ ပွင့်လင်းရာသီလေးပဲ အားခဲပြီးရောင်းနေတဲ့အချိန်မှာ အရောင်းအဝယ်တွေက နိုင်ငံရေးအခြေအနေကြောင့်မို့လို့လည်း အဲဒီလို အရောင်းအဝယ်တွေပါးနေတာပါ။ ပြည်တွင်းကို မဝင်နိုင်တဲ့ အသီးတော့ မရှိဘူး။ ဈေးနှုန်းက အရင်ကထက် ၃ ဆ၊ ၄ ဆလောက် တက်သွားတယ်။ ပန်းသီးတဖာကို ၃ ဆ ၄ ဆလောက် တက်သွားတဲ့အခါကျတော့ မဝင်နိုင်တာတော့မရှိဘူး။ အဝင်နည်းသွားတာပဲ ရှိပါတယ်။ သစ်သီးဝလံက မဖြစ်မနေစားတဲ့ သစ်သီးဝလံ မဟုတ်ဘူး။ ဆန်အိတ်တအိတ်ကို ၆ သောင်း၊ ၇ သောင်းရှိတဲ့အချိန်မှာ ပန်းသီးတဖာကို ၁ သိန်းကျော်တဲ့အတွက် ပန်းသီးဟာ အာသီသရှိသူလောက်ပဲ စားတဲ့ဈေးကွက် ဖြစ်တဲ့အတွက် အရောင်းအဝယ် တအားကျသွားတယ်။ ဈေးနှုန်းတွေလည်း တအားမြင့်သွားတယ်။” 

ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် သစ်သီးပွဲရုံတွေမှာ ရောင်းအားကျဆင်းလာပြီး မနှစ်ကထက် ၇၅ ရာခိုင်နှုန်းလောက်အထိ ကျဆင်းလာတယ်လို့ ဆိုပါတယ်။

သစ်သီးပွဲရုံပိုင်ရှင်က “ဈေးကွက်အရကြီးလည်း မရှိဘူး။ ရောင်းချရမှုကလည်း အရင်နှစ်တွေထက်စာရင်တော့ ၇၅ ရာခိုင်နှုန်းလောက် ကျတယ်။ အရင်ထိုင်နေရတဲ့ဟာကတော့ ဒီရာသီလေးကတော့ နည်းနည်းပါးပါးတော့ ပွဲတော်ရာသီဆိုတော့ ရောင်းရတာတော့ရှိပါတယ်။ အဲဒီလောက်ပါပဲ။ နိုင်ငံရေး အမြန်ကောင်းမွန်သွားရင် ကျနော်တို့လည်း အရောင်းအဝယ်တွေ အမြန်ကောင်းမွန်သွားမှာပါ။ ဒါမှလည်း စိုက်တဲ့ပျိုးတဲ့သူတွေကလည်း နောက်ကျောလုံလုံနဲ့ စိုက်ကြ ပျိုးကြမှာပေါ့နော်။ အားလုံးလည်း မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေပေါ့။ မြန်မာပြည်ကြီး ငြိမ်းချမ်းမှပဲ ကျနော်တို့က စိုက်လို့ပျိုးလို့၊ ရောင်းလို့ဝယ်လို့ကောင်းမှာပါ။” လို့ ပြောပါတယ်။

သစ်သီးဈေးနှုန်းတွေ မြင့်တက်လာတဲ့အပြင် တရုတ်က တိုက်ရိုက်မဝင်နိုင်တော့တာကြောင့် အကြွေးနဲ့ ဝယ်ယူလို့မရတော့ဘဲ တိုက်ရိုက်ပေးချေစနစ်နဲ့ ကုန်သည်တွေအနေနဲ့ ဝယ်ယူရတာကြောင့် ပြန်လည်ဖြန့်ချိတဲ့နေရာမှာလည်း လက်ငင်းစနစ်နဲ့သာ ပေးချေနေရတဲ့အတွက် ပိုမိုရောင်းအားကျဆင်းလာတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013