DVB Logo
Home
မြန်မာသတင်း
ရှမ်းတိုင်းရင်းသား နှစ်သစ်ကူးပွဲတော် ပြည်တွင်း ပြည်ပတွင် ကျင်းပ
DVB
·
November 22, 2022
ရှမ်းတိုင်းရင်းသား နှစ်သစ်ကူးပွဲတော် ပြည်တွင်း ပြည်ပတွင် ကျင်းပ
1 / 6
Donate to DVB

ရှမ်းရိုးရာကောက်သစ်စားပွဲနဲ့ နှစ်သစ်ကူးပွဲတော်ကို  မြန်မာ့နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွါးရေးအကျပ်အတည်းကာလမှာဘဲ မြို့ကြီးတချို့ကလွဲလို့ ပြည်တွင်း ရှမ်းဒေသတချို့နဲ့ ပြည်ပရောက် ရှမ်းတိုင်းရင်းသားတွေကြားမှာ ရိုးရာမပျက် ကျင်းပနေပါတယ်။

ရှမ်းနှစ်သစ်ကူးဟာ နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့မှာ ကျရောက်ပြီး ဒီနှစ် နိုဝင်ဘာ ၂၂ ရက် တန်ဆောင်မုန်းလကွယ် ညသန်းခေါင်ယံမှာ ရှမ်းနှစ် ၂၁၁၆ ကုန်ဆုံးကာ နိုဝင်ဘာ ၂၃ မှာ ၂၁၁၇ နှစ်သစ်ကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ 

တချို့နေရာတွေမှာတော့ နှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ နိုဝင်ဘာ ၂၁ ရက်ကတည်းက စတင်ကျင်းပနေကြပါတယ်။

ရှမ်းပြည်တောင်ပိုင်းလင်းခေးမြို့နယ်မှာဆိုရင် နှစ်သစ်ကူးကြိုဆိုပွဲနဲ့ ဓမ္မစကူးလ် သင်တန်းဆင်းပွဲကို ပူးတွဲပြီး နိုဝင်ဘာ ၂၁ မှ ၂၃ ရက်အထိ ကျင်းပကာ  မနေ့ကတော့ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာထူးချွန်သူတွေကို ဆုချီးမြှင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်မှာတော့ မြို့နယ်ရှမ်းစာပေယဉ်ကျေးမှုနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနတို့ ဦးဆောင်ပြီး မနေ့က စတင်ကာ ၂၃ ရက် နေ့ထိ ဆက်လက်ကျင်းပဖို့ရှိနေပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ ၊ တာချီလိတ် ၊ ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ တန့်ယန်း ၊ သိန္နီ၊ သီပေါ၊ ကျောက်မဲ ၊ ရှမ်းပြည်တောင်ပိုင်း နမ့်စန်၊ မိုင်းပန်၊ မိုင်းကိုင်၊ ကျေးသီး၊ လဲချားမြို့နယ်၊ မြေပြန့် ရန်ကုန်နဲ့ မန္တလေး စတဲ့ မြို့တွေမှာလည်း ကျင်းပတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရောက် ရှမ်းရွှေ့ပြောင်းအလုပ်သမားတွေဟာလည်း ရှမ်းနှစ်ကူးပွဲတော်ကို ချင်းမိုင်၊ ဘန်ကောက်စတဲ့မြို့ကြီးတွေမှာကျင်းပပြီး ရှမ်းပြည်က အနုပညာရှင်တွေပါ ဖိတ်ခေါ် ဖျော်ဖြေကြပါတယ်။

အခုနှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် ရိုးရာနှစ်ကူး ပွဲတော်မကျင်းပနိုင်တဲ့ မြို့နယ်တွေလည်း များစွာ ရှိနေပါတယ်။

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာဆိုရင် အရင်က ရှမ်းနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပေမယ့်  ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့်နဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့်  ၃ နှစ်တာပျော်ပွဲရွှင်ပွဲမကျင်းပနိုင်ခဲ့ပါဘူး။  

မြို့နယ်ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့ဝင် ၁ ဦးက “တောင်ကြီးမှာ နှစ်သစ်ကူးပွဲတော်မလုပ်ဖြစ်တာ ၃ နှစ်ရှိပါပြီ၊ အလှူအတန်းနဲ့ ကုသိုလ်ပြုတာပဲရှိပါတယ်။ မနက်ဖန်နှစ်သစ်ကူးနေ့  ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်မှာ သံဃာတော်တွေ ဆွမ်းကပ်ပြီး ပရဟိတကျောင်းက သံဃာတော် ၄၂၃ ပါးအတွက် ပရိ ယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်တွေ လှူဒါန်းဖို့ ရှိပါတယ်”လို့ ပြောပါတယ်။

အလားတူ ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးမှာလည်း နှစ်သစ်ကူးပွဲတော် မလုပ်ဖြစ်ဘဲ မိသားစုအလိုက် အလှူအတန်းလုပ်တာပဲရှိမယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မူဆယ်၊ နမ့်ခမ်းစတဲ့မြို့နယ်မှာတော့ နှစ်သစ်ကူးပွဲကို အကျဉ်းချုံးသာ ကျင်းပနိုင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျနော်တို့မူဆယ်မှာတော့ သိတဲ့အတိုင်း ခဏ ခဏဗုံးပေါက်။ ပစ်ကြခတ်ကြနဲ့ ပွဲလုပ်ရင် လုံခြုံရေးက လုံးဝစိတ်မချရပါဘူးခင်ဗျာ။ အဲဒါကြောင့် ရိုးရာမပျက် အကျဉ်းချုံးပဲလုပ်ပါတယ်။ စာပေယဉ်ကျေးမှုခန်းမမှာ အသိပညာပေးဟောပြောပွဲရှိမယ်၊ ပညာရည်ထူးချွန်သူတွေ ဆုချီးမြှင့်ပွဲရှိမယ်၊ ဒါလောက်ပါပဲ။”

စစ်ကိုင်းတိုင်း ရှမ်းနီဒေသ၊ ကချင်ပြည်နယ် မိုးမောက်ဒေသနဲ့ ကယားပြည်နယ်တွေမှာလည်း တိုက်ပွဲဖြစ်ပြီး စစ်ဘေးရှောင်နေရတာကြောင့်  နှစ်သစ်ကူးပွဲ လုံးဝ မကျင်းပနိုင်ပါဘူး။ 

လက်ရှိရှမ်းခုနှစ်သက္ကရာဇ်ကို လွန်ခဲ့တဲ့ သာသနာသက္ကရာဇ် ၄၅၀ ( ဘီစီ ၉၄ ) ခုနှစ်က စတင် ရေတွက်ခဲ့ပါတယ်။  အဲဒီနှစ်ဟာ လန့်စောဝ် ( နန်ချို ) အဆက်နွယ် ခွန်ယီ့အမည်ရှိ ရှမ်းမင်းသားက ရွှေလီ မြစ်လွင်ပြင်မှာ မောပြည်ထောင်ကိုစတင်တည်ထောင်ခဲ့တဲ့နှစ်ကို အစွဲပြုပြီး မူလရှမ်းသက္ကရာဇ်ဟောင်းကိုဖြိုကာ သက္ကရာဇ်သစ်ကို စတင်ရေတွက်ခဲ့တယ်လို့ ရှမ်းသမိုင်း သုတေသီတွေက ဆိုပါတယ်။

နောက်အကြောင်းအရာတစ်ခုကတော့ သာသနာသက္ကရာဇ် ၄၅၀ မှာဘဲ  ဦးတည်ဖဆိုတဲ့ မိုင်းဆဲန် ပြည်ထောင်မင်းလက်ထက်မှာ သားတော်စဝ်ခွန်ဟောင်ကို သီရိလင်္ကာနိုင်ငံသို့ ပညာတော်သင် စေလွှတ်ပြီး အပြန်ခရီးမှာ ပိဋကတ် ၃ ပုံပါပင့်ဆောင်ကာသာသနာပိုထွန်းကားစေခဲ့လို့ အဲဒီနှစ် ကနေစပြီးတော့လည်း ရှမ်းနှစ်သစ်ကို စတင်ရေတွက်တယ်လို့  ဆိုပါတယ်။ 

အဆိုပါပြည်ထောင်တွေဟာ လက်ရှိတရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာရှိပါတယ်၊ ရှမ်းမျိုးနွယ်တွေဟာ မွန်ဂိုရီးယားကုန်းပြင်မြင့် လွိုင်အန်းတိုင်းဒေသကနေဆင်းသက်လာပြီး ရေကြည်ရာမြက်နုရာ နေရာသစ်ရှာဖွေတာ၊ နယ်မြေလုစစ်ပွဲတွေကြောင့် တရုတ်နိုင်ငံတောင်ပိုင်းဒေသကို ရွှေ့ပြောင်းလာပြီး တိုင်းပြည်ထူးထောင်ခဲ့တယ်။ ဒါပေမဲ့ စစ်ပွဲတွေထပ်ဖြစ်ပြီး အစုအဖွဲ့တွေကွဲပြားကာ လက်ရှိ မြန်မာ ၊ တရုတ် ၊ လော ၊ ထိုင်း ၊ ဗီယက်နမ် ၊ အိန္ဒိယ အစရှိတဲ့နိုင်ငံထဲမှာ ပျံ့နှံ့နေထိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013