
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းနားကျေးရွာမှာ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းက နေအိမ်တအိမ်မှာ အိမ်ရှင်အမျိုးသားကိုသတ်ပြီး အမျိုးသမီးကို ရိုက်နှက်ကာ ရွှေနှစ်ကျပ်သားနဲ့ ငွေကျပ်သိန်း ၅၀ လုယူခဲ့သူ လေးယောက် ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အုတ်ဖိုမြို့နယ်၊ ချောင်းနားကျေးရွာနေ ဦးစံမင်းရဲ့နေအိမ်ကို နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းက အမည်မသိလူလေးယောက် ရောက်လာပြီး ထွန်စက်ပျက်နေလို့ လိုက်ပါကူညီပေးဖို့ အကူအညီတောင်းခံခဲ့ရာမှ လူသတ်လုယက်မှု ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“တောရွာဓလေ့ဆိုတော့ ရိုးသားတယ်လေဗျာ၊ ထွန်စက်ပျက်တယ်ဆိုတော့ အကူအညီပေးမယ်ပေါ့၊ တယောက်ကို ဦးစံမင်းက ဆိုင်ကယ်နဲ့လိုက်ပို့တယ်။ အိမ်မှာကျန်ခဲ့တဲ့သုံးဦးက သူ့အမျိုးသမီးကို ရိုက်နှက်ပြီးလုတယ်။ ရွှေ ၂ ကျပ်သားနဲ့ ငွေသိန်းငါးဆယ်ပါသွားတယ်။ ဆိုင်ကယ်နဲ့လိုက်ပို့တဲ့သူက ဦးစံမင်းကိုသတ်ပြီး ဆိုင်ကယ်နဲ့ပြန်လာတယ်။”
အဆိုပါလုယက်မှုဖြစ်စဥ်မှာ ပါဝင်တဲ့ အမျိုးသားလေးယောက်ကို နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းက အုတ်ဖိုမြို့နယ်ရှိ နေရာတခုမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မိတာတော့ နေရာအတိအကျမသိဘူး။ မိတဲ့သူတွေခေါ်ပြီး ရွာမှာ လာစစ်ဆေးတာတော့ တွေ့တယ်။ မနေ့ကမိတာပါ။”
လတ်တလောမှာ လူသတ်လုယက်မှုကျူးလွန်သူ ငြိမ်းသူအောင်၊ ကျော်သူရနိုင်၊ စည်သူအောင်နဲ့ ထက်ဝင်းထွန်းတို့ လေးဦးကို အိုးသည်ကုန်းနယ်မြေရဲစခန်းက (ပ)အမှတ် ၃၃/၂၀၂၂ ပုဒ်မ ၃၉၄/၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။