DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်ပြီးနောက်ပိုင်း လူ့အခွင့်ရေးချိုးဖောက်မှုများ အသွင်ပြောင်းဖြစ်ပေါ်
DVB
·
May 14, 2014
အပစ်ရပ်ပြီးနောက်ပိုင်း လူ့အခွင့်ရေးချိုးဖောက်မှုများ အသွင်ပြောင်းဖြစ်ပေါ်
1 / 2
Donate to DVB

အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ အပစ်အခတ်ရပ်စဲပြီး ကာလနောက်ပိုင်းမှာ  မြန်မာပြည်ရှေ့တောင်ဘက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ပုံစံတမျိုးပြောင်းပြီး ဖြစ်ပွားနေတယ်လို့ ကရင်လူ့အခွင့်အရေး အဖွဲ့တခုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

[caption id="attachment_56506" align="alignright" width="219"]ဓာတ်ပုံ - KHRG ဓာတ်ပုံ - KHRG[/caption]

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က မနေ့ကထုတ်တဲ့ အစီရင်ခံစာမှာ  အပစ်အခတ်ရပ်စဲခဲ့ပြီးတဲ့ ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့ တင်ပြထားပါတယ်။

အစီရင်ခံစာထဲမှာ အပစ်အခတ်ရပ်စဲရေး မတိုင်ခင်က ဖြစ်နေတဲ့၊ လက်ရှိ ဆက်လက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံတွေအပါအ၀င် ပုံစံသစ်နဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ချိုးဖောက်မှုတွေ ပါဝင်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့မှ မူဝါဒပိုင်းဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေး စီမံအုပ်ချုပ်မှု နော်ခူးခူးဂျူးက ပြောပါတယ်။

“အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်းမှာ ရွာတွေကို တိုက်ခိုက်တဲ့ အပစ်အခတ်နဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့ပါးသွားတာ တွေ့ရတယ်။ တပြိုင်နက်တည်းမှာ ပုံစံသစ်နဲ့ ပြောင်းလဲ ဖြစ်ပေါ်လာတဲ့ အထူးသဖြင့်ကတော့ မြေယာသိမ်းပိုက်မှုတွေ၊ နောက် မူးယစ်ဆေးဝါး ကိစ္စတွေ၊ အဓမ္မ အခွန်ကောက်ခံမှုတွေ၊ ငွေကြေးတောင်းတဲ့ ကိစ္စတွေ ဒီကိစ္စတွေ အများဆုံး ပြန်လည်ဖြစ်ပေါ်လာတဲ့ ကိစ္စတွေပေါ့။ အခြားအကြောင်းအရာတွေလည်း ဖြစ်ပေါ်ပါတယ်။”

အဲ့ဒီအစီရင်ခံစာပါ လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွေကို  ဘားအံ၊ ဒူးပလာယာ၊ ဖာပွန်၊ ထားဝယ်၊ မကွေး၊ ညောင်လေးပင်၊ တောင်ငူနဲ့ သထုံ စတဲ့ဒေသတွေမှာ ကောက်ယူထားတာ ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအ၀င် တပ်မတော်နယ်ခြားစောင့်တပ်ရဲ့ မြေယာ သိမ်းဆည်းမှုတွေ၊ မူးယစ်ဆေးဝါးမှုတွေ စတဲ့အခွင့်အရေး ချိုးဖောက်မှုတွေ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲပြီးနောက်မှာ  တိုက်ပွဲတွေကြောင့် လူ့အခွင့်ရေးထိခိုက်တာမျိုး လျှော့ကျသွားတာမျိုးတွေ ရှိလာပါတယ်လို့ ဆိုပါတယ်။

တိုးတက်ပြောင်းလဲလာတဲ့ လူ့အခွင့်အရေးအခြေအနေတွေကိုလည်း အသိအမှတ် ပြုတယ်လို့ မခူးခူးဂျူးက ပြောပါတယ်။

“တိုးတတ်ပြောင်းလဲလာတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ကျမတို့အနေနဲ့ အသိအမှတ်ပြုပါတယ်။ အခုလက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အပစ်အခတ်ရပ်စဲရေးဟာလည်း ဒေသခံတွေအတွက် အကျိုးသက်ရောက်မှုရှိပါတယ်။ အဲဒီလိုပဲ တဖက်မှာ ဒေသခံတွေရဲ့ စိုးရိမ်မှု သဘောထားအမြင်တွေ ဆက်လက်ဖြစ်ပေါ်နေတဲ့ ချိုးဖောက်မှုတွေကို သေချာ သိနားလည်ပြီးတော့ ကရင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ မူဝါဒပိုင်းဆိုင်ရာမှာ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဒေသခံတွေရဲ့ သဘောထား၊ ဦးစားပေးမှု တွေကို ဆောင်ရွက်ပေးသွားဖို့အတွက် အစီရင်ခံစာအားဖြင့်လည်း တိုက်တွန်းထားပါတယ်။”

အစီရင်ခံစာကိုလည်း အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ပတ်သက်သူတွေနဲ့ အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်ပိုင်းတွေကိုလည်း တင်ပြသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013