
ရခိုင်ပြည်နယ် ဩဂုတ် ၁၄ ရက်ကစပြီး ပိတ်ထားတဲ့ စစ်တွေ-ရေချမ်းပြင်-ဘူးသီးတောင်လမ်းကို နိုဝင်ဘာ ၂၀ ရက်မှာ စစ်ကောင်စီက သွားခွင်ပြုလိုက်တယ်လို့ မော်တော်ဘုတ်သမားတွေက ပြောပါတယ်။
ရေချမ်းပြင်ဒေသခံ မော်တော်ဘုတ်သမားတဦးက "ရေချမ်းပြင်-ဘူးသီးတောင်တိုက်ရိုက်လမ်းကို ဖွင့်ပေးတာပါ။ ဘုတ်တစီးမှာ ခရီးသည် ၁၅ ဦးထက် အပိုမတင်ရဘူး။ အငူမော်လမ်းကတော့ ဘယ်အချိန်ပြန်ဖွင့်မလဲတော့ မသိဘူး" လို့ ပြောပါတယ်။
မောင်တော-အငူမော်-စစ်တွေလမ်းကို သြဂုတ် ၁၄ ရက်ကမှစပြီး ၃ လကျော်ကြာ ပိတ်ထားခဲ့ပြီး စစ်တွေ-ဘူးသီးတောင် ရေလမ်းကြောင်းကို စက်တင်ဘာလ ၅ ရက်ကစပြီး အကန့်အသတ်မရှိ ပိတ်ထားလိုက်တာပါ။
ခရီးသွားပြည်သူတဦးက "မောင်တော-အငူမော်-စစ်တွေလမ်းကိုလည်း အမြန်ဆုံးဖွင့်ပေးစေချင် တယ်။ အခုဆို ၃ လ ကျော်နေပြီ။ လမ်းပိတ်ထားတော ပြည်သူတွေပဲ ဒုက္ခရောက်ကြရတယ်။ ဆေးတွေ ရှာမရတော့ဘူး။ ဆင်းရဲ့သားပြည်တွေ အတော်ဒုက္ခရောက်နေကြရတာ" လို့ ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက်က စစ်တွေ-အမြင့်ကျွန်းတံတားနားမှာ ဘူးသီးတောင်ကို သွားမယ့် ဘုတ် ၉ စီးနဲ့ ပိုင်ရှင် ၉ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးပြီး ရေကြောင်းဥပဒေနဲ့ အမှုဖွင့်ခဲ့ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ဘုတ် ၉ စီးဟာ ရေချမ်းပြင်၊ မကျည်းချောင်း၊ စေတီပြင်၊ ရသေ့တောင်ဘက်က စစ်တွေကို လိုင်းပြေးဆွဲတဲ့ အရပ်သားပိုင်ဘုတ်တွေဖြစ်ပါတယ်။
ဓါတ်ပုံ=ယနေ့ စစ်တွေမှ ဘူးသီးတောင်သို့ သွားလာမည် ခရီသည်များအား ရေချမ်းပြင်ဆိပ်ကမ်း၌တွေ့ရစဥ်။