DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် မှတ်ပုံတင်ကြေး ပိုမိုပေးဆောင်နေရဟုဆို
DVB
·
May 13, 2014
ရေးမြို့နယ်တွင် မှတ်ပုံတင်ကြေး ပိုမိုပေးဆောင်နေရဟုဆို
Donate to DVB

ရေးမြို့နယ်၊ လဝက ဦးစီးဌာနထံ မှတ်ပုံတင်လျှောက်ထားရာမှာ ငွေကြေးပိုမိုပေးဆောင် နေရတယ်လို့ မှတ်ပုံတင်လျှောက်ထားသူတွေက ပြောနေကြပါတယ်။

cardမှတ်ပုံတင် အသစ်လုပ်တာ၊ သက်ပြည့်လဲလှယ်တာ၊ ပျောက်ဆုံးလို့ မိတ္တူလျှောက်ထားရာမှာ မွန်ပြည်နယ်၊ ရေးမြို့နယ်က လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးဝန်ထမ်းတွေနဲ့ နီးစပ်ရာပွဲစားတွေကနေတဆင့် အခကြေးငွေ ၂ သောင်းကနေ ၃ သောင်းအထိ ပေးပြီး ပြုလုပ်နေရတယ်လို့ မှတ်ပုံတင်လျှောက်ထား သူတွေက ပြောပါတယ်။

မှတ်ပုံတင်လျှောက်ထားသူ ဦးခင်မောင်ဝင်းက “ကျနော် အထဲက ပွဲစားကို ပေးလိုက်တာ နေ့ချင်းအပြီး သုံးသောင်းပေးရတာပေါ့။ အခုထိမရသေးလို့ စောင့်နေတာပါ။ ပွဲစား ပြောတာတော့ ၁ သောင်းက ပွဲစားခ၊ ၂ သောင်းက အထဲကို ပေးရတာ။ နေ့ချင်းအပြီး ရမယ်ဆိုလို့ စောင့်နေကြတာပါ” လို့ ပြောပါတယ်။

မှတ်ပုံတင်လုပ်ရင် ကာယကံရှင်ကိုယ်တိုင် အိမ်ထောင်စုစာရင်း မူရင်း၊ မိတ္တူ၊၊ မိဘ နှစ်ပါးရဲ့ မှတ်ပုံတင် မူရင်း၊ မိတ္တူ၊ ရပ်ကွက် ကျေးရွာ ထောက်ခံချက်တွေ၊ ရဲစခန်းထောက်ခံချက်တွေနဲ့ လဝက ရုံးရဲ့ မျိုးရိုးစဉ်ဆက် လျှောက်လွှာတွေမှာ ဖြည့်စွက်ပြီး ကာယကံရှင်ကိုယ်တိုင် ကျသင့်ငွေ အနည်းဆုံး ၃ ကျပ်ကနေ အများဆုံး ၁၀ ကျပ်ကိုသာ ပေးသွင်းရတာပါ။

ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ဝင် ဦးအောင်နိုင်ဝင်းက မှတ်ပုံတင်လာလျှောက်ထားသူတွေဟာ အချိန်ကုန်ပြီး အလုပ်ရှုပ်လို့ အခုလို ငွေပေးလုပ်ဆောင်တာလို့ ပြောပါတယ်။

“လဝက ရဲ့ ပုံစံမှာ ဖြည့်ရမှာက ဆွေစဉ်မျိုးဆက်တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ထောက်ခံချက်တွေ၊ ရဲစခန်းထောက်ခံချက်တွေ ဒါတွေလိုတာပေါ့။ လာရောက် ဆောင်ရွက်တဲ့သူတွေက ရဲစခန်းသွားရမှာကြောက်တာ၊ အုပ်ချုပ်ရေးမှူးရုံးသွားရင် အုပ်ချုပ်ရေးမှူးမရှိတာ၊ စာရေး မရှိတာ၊ တံဆိပ်တုံး မရှိတာ ဒီအခက်ခဲတွေဟာ သူတို့အတွက် အချိန်တွေ အများကြီးပေးရတာ။ ဒီလက် မှတ်တွေမရှိဘဲနဲ့ ဒီမှာလုပ်လိုက်တော့ တခါတည်း ပြီးမြောက်သွားတာပေါ့။ အဲဒီအတွက် ဒီပိုက်ဆံ၂ သောင်း ၂ သောင်းခွဲဆိုတာ သူတို့မမြင်တော့ဘူး။”

လိုအပ်တဲ့အချက်အလက်တွေ ဖြည့်တင်းပြီး လျှောက်တင်လိုက်တဲ့ အချက်အလက်တွေကို မြို့နယ် လဝက ဦးစီးဌာနက ၂၈ ရက်အတွင်း ပြုလုပ်ပေးရမှာဖြစ်ပြီး ကြားပွဲစားမလိုဘဲ ဆောင်ရွက်ကြဖို့ လျှောက်ထားခြင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် နည်းမျိုးစုံနဲ့ လုပ်နေကြတယ်လို့ ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

“သူတို့ရုံးမှာ ပွဲစားတွေ မလာရဘူးလို့ စာတွေတော့ ကပ်ထားတာပေါ့။ ဒါပေမယ့် ပွဲစားတွေက လုပ်တာများတယ်။ အဲဒါအပြင် တိုက်ရိုက်လည်း တမျိုးရှိတယ်။ အလှူခံပုံးတွေနဲ့ အလှူခံတာတွေ ရှိတယ်။ ပြီးတော့ လဝက ဝန်ထမ်းတချို့က အိမ်မှာ ဆက်သွယ်ပြီး လုပ်တာတွေလည်း ရှိတယ်။”

ရေးမြို့နယ် လဝကရုံးတွေအပါဝင် ရေးမြို့နယ် ဧရိယာထဲက လမိုင်းမြို့နယ်ခွဲ၊ ခေါဇာမြို့နယ်ခွဲက လဝက ရုံးတွေမှာ ငွေကြေးပိုမိုတောင်းယူနေတဲ့အတွက် သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဦးစီးဌာနတွေ တွေ့ဆုံပြီး ငွေကြေးပိုမိုတောင်းယူတာတွေ မပြုလုပ်ဖို့ ပြီးခဲ့တဲ့နှစ်တွေတုန်းက တွေ့ဆုံညှိနှိုင်းခဲ့ပါသေးတယ်။

မှတ်ပုံတင်လျှောက်ထားမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ရေးမြို့နယ် လဝက ဦးစီးမှူးနဲ့ သွားရောက်တွေ့ဆုံခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013