DVB Logo
Home
မြန်မာသတင်း
နောင်ချိုမြို့နယ်အနီး သဘာဝသစ်တောများ၌ စစ်တပ်နှင့် ရဲကို လာဘ်ထိုးပြီး သစ်ခိုးထုတ်နေ
DVB
·
November 19, 2022
နောင်ချိုမြို့နယ်အနီး သဘာဝသစ်တောများ၌ စစ်တပ်နှင့် ရဲကို လာဘ်ထိုးပြီး သစ်ခိုးထုတ်နေ
Donate to DVB

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အစပ်မှာ ရှိတဲ့ သဘာဝသစ်တောတွေကနေ စစ်ကောင်စီတပ်နဲ့ နယ်မြေရဲကင်းစခန်းတွေကို လာလ်ထိုးငွေပေးပြီး စစ်အုပ်စုနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေက သစ်မှောင်ခိုခိုးထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “စစ်တပ်နဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေက အကြီးအကျယ်ကို သစ်ခိုး ထုတ်နေတာ။ တံခါးမရှိ ဓားမရှိပဲ။ မန္တလေးတိုင်း နဲ့ ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ သစ်တောတွေမှာ။ သဘာဝ သစ်တောတွေ ပြုန်းတီးနေပြီ။ မှောခိုသစ်တွေကို မယ်ဟုံမြစ်ဆိပ် ကမ်းကနေ နောင်ချိုနဲ့ ပြင်ဦးလွင်ဘက်ကို ပို့တယ်။ သစ်အမျိုးအစားအစုံပဲ”လို့ ပြောပါတယ်။

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်ကို နယ်နိမိတ်ပိုင်းခြားထားတဲ့ မြစ်ငယ်မြစ်ဘေးမှာတည်ရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် မယ်ဟုံရွာ၊ မယ်ဟုံဆိပ်ကမ်းကနေတဆင့် နီးစပ်ရာမြို့နယ်တွေကို မှောင်ခိုသစ်တွေ တင်ပို့ရောင်းချတယ်လို့ ဒေသခံတွေ ပြောပါတယ်။

အခုလို တင်ပို့နိုင်ဖို့ လမ်းတလျှောက်မှာရှိတဲ့ စစ်တပ်၊ ရဲ၊ သစ်တော၊ ဌာနဆိုင်ရာအသီးသီးနဲ့ အုပ်ချုပ်ရေးပိုင်းတွေကိုလည်း လာဘ်ငွေအမြောက်အမြား ပေးရတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

သစ်လုပ်ငန်းနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက “မယ်ဟုံကနေ နောင်ချိုမြို့ပေါ်ကို ၁၅ပေ အရှည်ရှိတဲ့ မှောင်ခိုသစ်ကားတစ်စီးရောက်ဖို့ဆိုရင် မယ်ဟုံရွာအုပ်ချုပ်ရေးမှူးကို ကျပ်သုံးသောင်း၊ ဘန်ဘုံရွာအုပ်ချုပ်ရေးမှူးကို သုံးသောင်း၊ မယ်ဟုံရွာ ဘုန်းကြီးကျောင်းကို နှစ်ထောင်၊ ဂယ်လောင်းတံတားကို သစ်မျိုး ခြားဆို သုံးသောင်း၊ သစ်မာဆိုရင် လေးသောင်း၊ ကျွန်းသစ်ဆိုရင် ငါးသောင်းပေးရတယ်။ ဒါက လမ်းတစ်လျှောက်မှာရှိတဲ့ သစ် တော၊ စစ်တပ်၊ ရဲ နဲ့ အခြားဌာနဆိုင်ရာတွေကို ပေးတာမပါသေးဘူး။” လို့ ပြောပါတယ်။

လက်ရှိရှမ်းပြည်အတွင်းက မြို့ကြီးတွေမှာ သစ်ခွဲသားကျွန်းသစ်တစ်တန်ကို ကျပ် ၁၅ သိန်းနဲ့ ၁၆ သိန်းကြား၊ အင်ကြင်းသစ် တစ်တန်ကို ၁၅ သိန်းနဲ့ ၁၆ သိန်းကြား မျိုးကြားသစ်တစ်တန်ကို ၇ သိန်းနဲ့ ၈ သိန်း ကြားပေါက်ဈေးရှိနေပါတယ်။ 

သစ်ဈေးတွေ ကောင်းနေတာကြောင့် တရားမဝင်သစ်ခိုးထုတ်မှုတွေ မြင့်တက်နေပြီး သစ်တော ပြုန်းတီးတဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေရတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၁၀ ပြည့်နှစ်အတွင်း သစ်တော ၁၉ ရာခိုင်နှုန်း၊ ဟတ်ကာ ၇၄၄၅၀၀၀ (၂၈၇၅၀ စတုရန်းမိုင်) ဆုံးရှုံးခဲ့တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013