DVB Logo
Home
မြန်မာသတင်း
နမ့်ဆန်တွင် လက်ဖက်တောင်သူများ ဘ၀ရပ်တည်ရေး ခက်ခဲ
DVB
·
May 13, 2014
နမ့်ဆန်တွင် လက်ဖက်တောင်သူများ ဘ၀ရပ်တည်ရေး ခက်ခဲ
Donate to DVB

ဒေသတွင်း လုပ်သားရှားပါးလာတာနဲ့ တရုတ်ပြည်က ၀င်လာတဲ့ လက်ဖက်ခြောက်တွေကြောင့် ရှမ်းပြည်နယ် နမ့်ဆန်ဒေသက လက်ဖက်လုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာနေပါတယ်။

Tea Trees in Shanတရုတ်က ၀င်လာတဲ့ လက်ဖက်တွေကို အခွန်မကောက်ဘဲ သွင်းခွင့်ပြုတာကြောင့် မြန်မာ့လက်ဖက် လုပ်ငန်းနဲ့ လက်ဖက်တောင်သူတွေ အခုလို အခက်အခဲ ကြုံရတာလို့  နမ့်ဆန်ဒေသ ပလောင်လက်ဖက်စိုက်ပျိုး ထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးထွန်းမြိုင်က ပြောပါတယ်။

“နိုင်ငံတကာမှာက လက်ဖက်ဆိုတာနဲ့ သူတို့နိုင်ငံအတွက် ၀င်ငွေကောင်းတဲ့ ပို့ကုန်တခုအနေနဲ့ သတ်မှတ်ထားတာပေါ့။ မြန်မာပြည်မှာက ပို့ကုန်မဖြစ်တဲ့အပြင် တရုတ်ပြည်ကနေ လက်ဖက်တွေ ၀ယ်ပြီး သွင်းလာတာတောင်မှ အခွန်မကောက်ဘဲ လွယ်လွယ်နည်းနဲ့ သွင်းစေချင်တဲ့အတွက် တရုတ်က ၀င်လာတဲ့ လက်ဖက်တွေကြောင့် တောင်သူတွေ ဒုက္ခရောက်တယ်။ မြန်မာပြည်က လက်ဖက်လုပ်တာလည်း အတော်ဒုက္ခရောက်တယ်။ ဒါကို အစိုးရအနေနဲ့လည်း အရေးယူရမယ်၊ အသင်းအနေနဲ့လည်း သွားပြီး လေ့လာထားရမှာ။ ပုံမှန်ဆိုရင် အစိုးရရဲ့ တာဝန်ပေါ့။”

ဒါကြောင့် အစိုးရအနေနဲ့ တရုတ်လက်ဖက်တင်သွင်းမှုကို အခွန်ကောက်ပြီး စနစ်တကျလုပ်စေချင်တယ်လို့ ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် ၀င်လာတဲ့ လက်ဖက်တွေကို အခွန်သွင်းပါ။ အခွန်သွင်းခြင်းအားဖြင့် မြန်မာပြည်လက်ဖက်ထက် ပိုဈေးကြီးသွားမယ်။ သူတို့နိုင်ငံက မြေသြဇာသုံးတယ်ဆိုတော့ မြန်မာပြည်က ဘယ်လိုမှ မယှဉ်နိုင်ဘူး။ သဘာဝဖြစ်တဲ့ လက်ဖက်သည် ထွက်နှုန်းလည်း နည်းတယ်၊ ကုန်ထုတ်လုပ်စရိတ်လည်း များတဲ့အတွက် ကျနော်တို့ရဲ့ ဈေးက တရုတ်ထက် ယှဉ်ပြိုင်နိုင်တဲ့ ဈေးဖြစ်ရမှာပေါ့။”

အခုလက်ရှိမှာတော့ တရုတ်ဘက်က အကောက်ခွန်မဲ့ဝင်လာတဲ့ လက်ဖက်တွေကို စောင့်ကြည့်ဖို့ ချင်းရွှေဟော် နယ်စပ်စခန်းမှာ ၀န်ထမ်းတွေ ပို့ထားတယ်လို့ ဦးထွန်းမြိုင်က ပြောါပတယ်။

မိရိုးဖလာနည်းနဲ့ စိုက်ပျိုးကြတဲ့အတွက် အထွက်နည်းပြီး တွက်ခြေမကိုက်လို့ ဒေသခံလုပ်သားတွေက တခြားနိုင်ငံတွေကို သွားရောက် အလုပ်လုပ်နေကြတယ်လို့ လက်ဖက်လုပ်ငန်းရှင် ကိုသန်းဇော်က ပြောပါတယ်။

စစ်ပွဲတွေနဲ့ မတည်ငြိမ်တာကြောင့်လည်း အညာဒေသက ရွှေ့ပြောင်းလုပ်သားတွေ မလာကြဘူးလို့ ပြောပါတယ်။

“ခါတိုင်းဆို စိုခြောက်စက်ရုံတွေ ရုံပေါင်း ၁၀၀ ကျော်လောက်ဟာ မတ် နောက်ဆုံးပတ်ကနေ သြဂုတ်၊ စက်တင်ဘာအထိလည်နိုင်တယ်။ အခု ရုံပေါင်း ၁၀၀ ကျော်ရှိရာကနေ ၂၀ ကျော်လောက်ပဲ လည်ပတ်နိုင်တော့တယ်။ ရုံပေါင်း ၂၀ ကျော်တောင်မှ ဒီလလယ်လောက်မှာ စက်ရုံတွေ ပိတ်ကြတာများတယ်။ အဲလောက်ပဲ လည်ပတ်နိုင်တယ်ဆိုတော့ ကျန်တဲ့အချိန်တွေဆို ရွက်စိမ်းဝယ်နိုင်တဲ့ စက်ရုံတွေ မရှိကြဘူး။ အဲဒါကြောင့် လုပ်ငန်းမဖြစ်တာကတကြောင်း၊ ဒေသလုံခြုံမှုမရှိတာကတကြောင်း အဲဒါတွေနဲ့ တရုတ်ပြည်ဘက်ကို ထွက်တာများတယ်။”

 အရင်နှစ်တွေကဆိုရင် တခြားဒေသက လက်ဖက်ခူးလုပ်သားတွေ ထောင်သောင်းချီပြီးတော့ ခေါ်ရတယ်လို့ လက်ဖက် လုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ဖက်အထွက်တိုးလာဖို့အတွက် မြန်မာနိုင်ငံ လက်ဖက် အစုအဖွဲ့နဲ့ ပလောင် လက်ဖက် စိုက်ပျိုး ထုတ်လုပ်သူများ အသင်းတို့ပူးပေါင်းပြီး ခေတ်မီစိုက်ပျိုးရေးသင်တန်းပေးခဲ့တယ်လို့ ဦးထွန်းမြိုင်က ပြောပါတယ်။

နမ့်ဆန်ဒေသဟာ မြန်မာတနိုင်ငံလုံးက လက်ဖက်ထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းကို စိုက်ပျိုး ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013