DVB Logo
Home
မြန်မာသတင်း
နိုင်ငံဟောင်းကိုပယ်ပြီး နိုင်ငံသစ်ကို တည်ဆောက်မည်ဟု NUG ယာယီသမ္မတပြော
DVB
·
November 17, 2022
နိုင်ငံဟောင်းကိုပယ်ပြီး နိုင်ငံသစ်ကို တည်ဆောက်မည်ဟု NUG ယာယီသမ္မတပြော
Donate to DVB

မြန်မာပြည်မှာ ကိုလိုနီပညာရေး မရှိတော့ပေမယ့် စစ်ကျွန်ပညာရေးရဲ့ အကြွင်းအကျန်တွေ ရှိနေသေးတဲ့အကြောင်းနဲ့ နိုင်ငံဟောင်းကိုပယ်ပြီး နိုင်ငံသစ်ကို တည်ဆောက်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ ကျရောက်တဲ့ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ကျင်းပတဲ့  အခမ်းအနားမှာ NUG အစိုးရအဖွဲ့ခေါင်းဆောင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့တာပါ။

“ကျွန်ပညာရေးဟာ အကြောက်တရားကို သွတ်သွင်းဖို့ သင်ကြားပါတယ်။ ကျွန်ပညာရေးဟာ ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့ သဘောထားကို ရိုက်သွင်းပါတယ်။ မတူကွဲပြားမှုမှာ မတူညီသော စွမ်းရည်တွေ ခွန်အားတွေ ရှိတယ်ဆိုတာကို မသင်ကြားပါဘူး။ လက်ရှိ မြန်မာပြည်မှာ ကိုလိုနီပညာရေး မရှိတော့ပေမယ့် စစ်ကျွန်ပညာရေးရဲ့ အကြွင်းအကျန်တွေ အမြောက်အမြား ရှိနေပါသေးတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းကို အချင်းချင်းမညီမညွတ်ဖြစ်အောင် အမုန်းတရားတွေ ကြီးထွားအောင်လုပ်နေတဲ့ အတွေးအခေါ်ရိုက်သွင်းမှုတွေကို တော်လှန်ပယ်ဖျက်ကြဖို့ လိုနေပါတယ်။”လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။

ဒါ့အပြင် နိုင်ငံဟောင်းကိုပယ်ပြီး နိုင်ငံသစ်ကို တည်ဆောက်မယ်၊ နိုင်ငံသစ်တည်ဆောက်ရာမှာ အတွေးအခေါ်သစ်၊ အမြော်အမြင်သစ်၊ စိတ်ဓာတ်ခွန်အား အသစ်တွေနဲ့ သိုင်းဝိုင်းတည်ဆောက်ဖို့ ကြိုးစားကြမယ်၊ တဦးကိုတဦး အရင်ကထက် ပိုပြီး ချစ်ခင်လေးစား မြတ်နိုးတန်ဖိုးထားကြဖို့ အားလုံး ဝိုင်းဝန်း ကြိုးစားတည်ဆောက်ကြမယ်လို့လည်း NUG ခေါင်းဆောင်က ပြောပါတယ်။ 

နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက  “လွတ်လပ်ရေးရပြီး နှစ်ပေါင်း (၇၀) ကျော်အတွင်း ဘယ်တုန်းကမှ မရခဲ့ဖူးတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကို ကျနော်တို့တတွေရဲ့ လက်ထက်မှာရအောင် တည်ဆောက်ချင်ပါတယ်။ မတူကွဲပြားမှုတွေ ဘယ်လောက်ပဲ ရှိနေပါစေ အခြေခံဘုံတူညီမှုတွေ ရှိထားပြီးဖြစ်လို့ ယခုလက်ရှိ အခြေအနေမှာ ပြည်ထောင်စုသားအားလုံးရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးကို ခိုင်ခိုင်မာမာ ကျစ်ကျစ်လစ်လစ် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ အမျိုးသားညီညွတ်ရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်သုတ်သင်ချေမှုန်းကို အမျိုးသားတော်လှန်ရေးတရပ်အဖြစ် ကျနော်တို့အားလုံး စိတ်ရောကိုယ်ပါ အားစိုက်လုပ်ဆောင်ကြဖို့ တိုက်တွန်းပါတယ်” လို့ပြောပါတယ်။

ဗြိတိသျှနယ်ချဲ့တွေရဲ့ ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်တဲ့အနေဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက ပထမဆုံးစတင် သပိတ်မှောက်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ 

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အမျိုးသားအောင်ပွဲနေ့ရဲ့ စည်းလုံးညီညွတ်မှု အနှစ်သာရကို အခြေခံပြီး ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူအားလုံး စုစည်းညီညွတ်မှုအားနဲ့ ငြိမ်းချမ်းသာယာတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်ကြရမယ်လို့ အမျိုးသားနေ့အထိမ်းအမှတ်အခမ်းနားကိုပေးပို့တဲ့ သဝဏ်လွှာမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013