DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံသတင်းထောက် ကိုဟန်သာငြိမ်း RSF သတင်းလွတ်လပ်ခွင့်ဆု ဆန်ခါတင်စာရင်းတွင် ပါဝင်
DVB
·
November 16, 2022
ဖမ်းဆီးခံသတင်းထောက် ကိုဟန်သာငြိမ်း RSF သတင်းလွတ်လပ်ခွင့်ဆု ဆန်ခါတင်စာရင်းတွင် ပါဝင်
Donate to DVB

အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ မြန်မာသတင်းသမား ကိုဟန်သာငြိမ်းဟာ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က နှစ်စဉ် ရွေးချယ်ချီးမြှင့်တဲ့ သတင်း လွတ်လပ်ခွင့်ဆု ဆန်ခါတင်စာရင်းမှာ ပါဝင်နေပါတယ်။

RSF က နှစ်စဉ် ရွေးချယ်ချီးမြှင့်တဲ့ ဒီဆုမှာတော့ ဆုအမျိုးအစားတွေအနေနဲ့ စာနယ်ဇင်းသမားတွေရဲ့ ရဲဝံ့စွန့်စားမှု၊ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုနဲ့ လွတ်လပ်စွာ ရပ်တည်မှု စတဲ့ ခေါင်းစဉ် ၃ ခုအောက်မှာ ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး အခုနှစ်မှာတော့ ကမ္ဘာတဝန်းက သတင်းသမား ၁၅ ဦးနဲ့ မီဒီယာအဖွဲ့အစည်းတွေကို ဆန်ခါတင် ရွေးချယ်ထားကာ ဒီစာရင်းမှာ ကိုဟန်သာငြိမ်းလည်း ပါဝင်နေတာပါ။

ကိုဟန်သာငြိမ်းဟာ အကျင့်ပျက်ခြစားမှုတွေနဲ့ ဖိနှိပ်တဲ့ အစိုးရကို တာဝန်ယူ တာဝန်ခံမှုရှိစေရေး ကြိုးပမ်းအားထုတ်မှုတွေအတွက် ဒီစာရင်းမှာ ပါဝင်လာတာဖြစ်တယ်လို့ RSF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ကိုဟန်သာငြိမ်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ် ၉ ရက်မှာ ကိုနေသန်မောင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ကမာရွတ်မီဒီယာရုံးကို ဝင်ရောက်စီးနင်းပြီး ရုံးမှာရှိနေတဲ့ သူတို့နှစ်ယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားဖြစ်တဲ့ ကိုနေသန်မောင်ကိုတော့ ဇွန် ၁၄ ရက်နေ့မှာပဲ စစ်ကောင်စီက စွဲချက်တွေ ပြန်ရုပ်သိမ်းခဲ့ပြီး လွှတ်ပေးခဲ့တာဖြစ်ပြီး ကိုဟန်သာငြိမ်းကတော့ အင်းစိန်အကျဉ်းထောင်ထဲမှာ ခုချိန်တိုင် ဖမ်းဆီးခံထားရဆဲဖြစ်ကာ အလွန်အမင်း အကြမ်းဖက်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေ၊ မုဒိမ်းမှု ခြိမ်းခြောက်ခံရမှုတွေနဲ့အတူ အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းသွားပြီး သတင်းမှန် ရေးသားထုတ်လွှင့်နေတဲ့ မီဒီယာတိုက်တွေရဲ့ သတင်းထောက်တွေကို စစ်ကောင်စီက အဓိကပစ်မှတ်ထား ဖမ်းဆီးလာတာကြောင့် သတင်းထောက်တွေ သတင်းယူဖို့ ပိုမိုခက်ခဲလာနေပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သတင်းသမား ၄ ယောက်နဲ့ အာဏာမသိမ်းခင်က သတ်ဖြတ်ခံရတဲ့ သတင်းသမား ၅ ယောက် စုစုပေါင်း ၉ ယောက် ရှိနေပြီး  ကျူးလွန်သူတွေ ပြစ်ဒဏ်မှ ကင်းလွတ်နေတယ်လို့  FEM အဖွဲ့နဲ့  ရန်ကုန်အခြေစိုက် သံရုံးတွေက ထုတ်ပြန်ထားပါတယ်။

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ကတော့ ကမ္ဘာတဝန်း ဂျာနယ်လစ်တွေပေါ် ခြိမ်းခြောက်မှုတွေဟာ လတ်တလောနှစ်တွေမှာ ပိုပြီးအမျိုးအစား စုံလာတယ်လို့ သတိပေးထားပြီး ၂၀၂၂ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲ အဆင့် ၁၇၆ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013