DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် ရပ်ကွက်အုပ်ချုပ်‌ရေးရုံးနှင့် စစ်ကောင်စီတပ်ဖွဲ့လှည့်ကင်း မီးရှို့တိုက်ခိုက်ခံရ
DVB
·
November 14, 2022
မုံရွာမြို့တွင် ရပ်ကွက်အုပ်ချုပ်‌ရေးရုံးနှင့် စစ်ကောင်စီတပ်ဖွဲ့လှည့်ကင်း မီးရှို့တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာ ၁၂ ရက်မနက်ပိုင်းက မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ Black Dragon Special Task Force-Monywa က သတင်း ထုတ်ပြန်ပါတယ်။

စစ်အုပ်စု ခိုးအောင်းနေလေ့ရှိတဲ့ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Black Dragon Special Task Force-Monywa၊ Farmers Revolution Force (FRF UG တပ်ရင်း-၉)၊ Golden Eagle Force - Monywa နှင့် Monywa Ranger Army တို့ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

Black Dragon Special Task Force-Monywa အဖွဲ့ဝင်တဦးက “ကျေးရွာတွေက အိမ်တွေ မီးရှို့တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ဝင်ရောက် မီးရှို့တာပါ။ ရုံးအတွင်းထဲမှာ အရပ်ဝတ် စစ်သားတွေ မကြာမကြာ လာရောက်နေထိုင်တယ်” လို့ ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုကို တာဝန်ရှိသူတွေက ငြှိမ်းသတ်ခဲ့ရာ မနက် ၁၁ နာရီခွဲမှာ မီးငြိမ်းပြီး သွပ်မိုး၊ ပြင်ခင်းနဲ့ ရုံးခန်း တခန်း မီးလောင်ပျက်စီးပြီး မီးလောင်မှုလို့သာ စစ်အုပ်စုက သတင်းထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

မုံရွာမြို့ ညောင်ရိပ်သာရပ်ကွက် မီးကင်းတဲအနီး ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၅ ဦးသေဆုံးပြီး အများပြားဒဏ်ရာရရှိသွားတယ်လို့ ဒေသကာကွယ်အဖွဲ့ပူးပေါင်းအဖွဲ့က နိုဝင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီလောက်က ညောင်ရိပ်သာရပ်ကွက် မီးကင်းတဲအနီး စစ်ကောင်စီတပ်ဖွဲ့မှ ခြေလျင်တဖွဲ့၊ အိမ်စီးကား ၁ စီးနဲ့ တဖွဲ့ ကင်းပတ်လာရာမှာ မိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဆိုပါတယ်။

"သူတို့ လှည့်ကင်းပတ်လာတုန်း မိုင်း ၃ လုံးနဲ့ ဖောက်ခွဲခဲ့တာပါ။ ၅ ကောင်က အဲ့ဒီနားမှာပဲ သေတယ်။ ညအချိန်မှမဟုတ်ဘူး နေ့ခင်းဘက်တွေပါ ဒီကောင်တွေ မြို့တွင်းက ရပ်ကွက်လမ်းသွယ်တွေထဲထိ အရပ်ဝတ်တွေနဲ့ ‌ကင်းပုန်းဝပ်တာတွေလည်း ရှိတယ်။  တချို့နေရာတွေဆို ပြည်သူ ထိခိုက်မှာစိုးလို့ လက်ရှောင်ခဲ့ရတာတွေ အများကြီးပဲ" လို့ Black Dragon Special Tesk Force - Monywa မှ တာဝန်ရှိသူတဦးက  ပြောပါတယ်။

မိုင်းပေါက်ကွဲအပြီး စစ်ကောင်စီတပ်ဖွဲ့က ၄၀ မမ ဗုံးသီးများအပါဝင် လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ဝင်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ စစ်သားလောင်းတွေနဲ့ ဒဏ်ရာရသူတွေကိုတော့ စစ်ကောင်စီအဖွဲ့မှ ကား ၂ စီးနဲ့ လာရောက်တင်ဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Black Dragon Special Tesk Force - Monywa ၊ Golden Eagle Force - Monywa နဲ့ Farmer Revolation Force (UG တပ်ရင်း ၉ ) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့ နိုဝင်ဘာလ ၇ ရက်နေ့ကလည်း မုံရွာမြို့ ပြည်တော်သာဝိုင်းပတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားတစီးကို ဒေသကာကွယ်ရေးအဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အရာရှိအဆင့် ၂ ဦးအပါဝင် စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013