DVB Logo
Home
မြန်မာသတင်း
SNLD ပါတီ ရှမ်းပြည်ကျေးရွာတာဝန်ခံတဦး မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့် ချုပ်နှောင်ခံထားရ
DVB
·
May 10, 2014
 SNLD ပါတီ ရှမ်းပြည်ကျေးရွာတာဝန်ခံတဦး မတရားအသင်းဆက်သွယ်မှုနဲ့ အမှုဖွင့် ချုပ်နှောင်ခံထားရ
Donate to DVB

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ထဲရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကျေးရွာ တာဝန်ခံ တဦးကို ကျိုင်းတုံ ရဲစခန်းက မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁)နဲ့ အမှုဖွင့်ပြီး အခု ကျိုင်းတုံထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

[caption id="attachment_56340" align="alignleft" width="300"]RCSS/SSA နဲ့ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ လုပ်ငန်း​ ​ကော်မီတီတို့ ရှမ်း​ပြည်နယ် ကျိုင်း​တုံမြို့က ​ရွှေတြိဂံရိပ်သာမှာ ပြည်​ထောင်စုအဆင့်​ ငြိမ်းချမ်း​ရေး​ ​ဆွေး​နွေး​ပွဲစဉ် (မေ ၂၀၁၂) RCSS/SSA နဲ့ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ လုပ်ငန်း​ ​ကော်မီတီတို့ ရှမ်း​ပြည်နယ် ကျိုင်း​တုံမြို့က ​ရွှေတြိဂံရိပ်သာမှာ ပြည်​ထောင်စုအဆင့်​ ငြိမ်းချမ်း​ရေး​ ​ဆွေး​နွေး​ပွဲစဉ် (မေ ၂၀၁၂) [/caption]ကျိုင်းတုံမြို့နယ် ပင်းတောက်အုပ်စု၊ နမ့်လင်းမိုင်ကျေးရွာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တာဝန်ခံ ဦးစိုင်းအိုက်ကျန်ကို နယ်မြေခံ ခလရ ၂၄၅တပ်က တပ်ဖွဲ့ဝင် ၃၀ လောက်ဟာ မေလ ၅ ရက်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မေလ ၉ ရက်မှာ ရဲစခန်းက အမှုဖွင့်လိုက်တာ ဖြစ်တယ်လို့ အက်စ်အန်အယ်လ်ဒီပါတီ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

“ခလရ ၂၄၅ က လူအင်အား ၃၀ လောက်နဲ့ လက်နက်အပြည့်အစုံနဲ့ သူ့အိမ်မှာ လာခေါ်သွားတယ်။ အဲဒါ ၅ ရက်နေ့ ည။ ၆ ရက်နေ့ မနက်ကျတော့ သူ့ကို ပြန်ခေါ်လာတယ်။ သူကို ပြန်ခေါ်လာပြီး သူနဲ့အပါ သူ့အိမ်ကို လာဝင်ရှာတယ် ဘာမှမတွေ့ဘူး။ မတွေ့တော့ အဲဒီ နေ့မှာပဲ သူတို့က RCSS/SSA နဲ့ အဆက်အဆံရှိလောက်တယ်လို့ သူတို့ ယူဆလို့နဲ့ တူပါတယ်။ RCSS/SSA ရုံးတာဝန်ခံကို စရဖ မှူးက တွေ့ချင်တယ်ဆိုပြီးတော့မှ သူတို့ ချိန်းလိုက်တယ်။ RCSS/SSA ရဲ့ ဒုတိယ ဗိုလ်မှူးကြီး စိုင်းစိုးမိန်း စရဖ ရုံးရောက်တဲ့အချိန်မှာ ခဏစောင့်ပါဆိုပြီး အချိန်ဆွဲထားတယ်။ အဲဒီအချိန်မှာပဲ စရဖ မှူး ဗိုလ်မှူး တင်မြင့်လှိုင် အဲဒီလူကိုယ်တိုင် ဦးစီးတော့မှ စောစောက စိုင်းအိုက်ကျန်ကို လာဖမ်းသွားတဲ့ စစ်သားတွေကို အရပ်ဝတ် ၀တ်ခိုင်းပြီး အတူတူလာတယ်။ ပြီးတော့ RCSS/SSA ရုံးကို မွှေနှောက်ရှာဖွေတယ်။ ဘာမှ မတွေ့ဘူး။ စိုင်းအိုက်ကျန်ရဲ့ အိမ်ကို ရှာတုန်းကလည်း ဘာမှမတွေ့ဘူး။ RCSS/SSA ရုံးကို ရှာတော့လည်း ဘာမှ မတွေ့ဘူး။ အဲဒါနဲ့ နောက် တရက်ကျတော့ ကျနော်တို့ အက်စ်အန်အယ်လ်ဒီရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ စုံစမ်းတော့ သူတို့က စရဖရုံးမှာ ရှိတယ်။ အဲဒါနဲ့ ၉ ရက်နေ့မနက်မှာ စရဖ ရုံးကို သွားတာပေါ့နော်၊ ၈ ရက်နေ့မှာ စရဖ အတွင်းရေးမှူးက သူ့ကို တွေ့ချင်ရင် ၉ ရက်နေ့ မနက် ၉ နာရီ စရဖ ရုံး လာပါ ချိန်းထားလို့ သွားတွေ့လိုက်တယ်။ ဒါပေမယ့် စရဖ ရုံးမှာ မရှိဘူး။ ရဲစခန်းမှာ ရှိလိမ့်မယ်လို့ပြောတယ်။ အဲဒါနဲ့ ၉ ရက်နေ့မနက်မှာ ရဲစခန်းသွားတော့ ရဲစခန်းမှာ မရှိတော့ဘူးတဲ့ တရားရုံးရောက်သွားပြီပေါ့နော်။ ရဲစခန်း ပြောပြချက်အရဆိုရင် ၉ ရက်နေ့ မနက် ၂ နာရီ ၁၅ မှာ စရဖ နဲ့ ခလရ ၂၄၅ က တာဝန်ရှိ ပုဂ္ဂိုလ်တွေ ရဲစခန်းကို လာပို့သွားတယ်။ ၂ နာရီ ၄၀ မှာ ရဲစခန်းကနေပြီး သူ့ကို အမှုဖွင့်လက်ခံပြီးတော့မှ အရေးယူတယ်။ မနက်ကျတော့ တရားရုံးကို ခေါ်သွားပြီးတော့မှ ရမန် သွားယူတယ်။ ရမန်ယူရတဲ့ အကြောင်းအရင်းက သူ့ကို ၁၇ (၁)နဲ့ ဆွဲပြီးတော့မှ ထောင်ထဲပို့ဖို့ပေါ့ဗျာ။ လောလောဆယ် ထောင်ထဲမှာရှိတယ်။”

ဦးစိုင်းအိုက်ကျန်းမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)ထံက ရယူထားတဲ့ သေနတ်တလက် ရှိတယ်ဆိုပြီး အဲ့ဒီသေနတ် ထုတ်ပေးဖို့ ရိုက်နှက်စစ်ဆေးခဲ့တဲ့အကြောင်း သူနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ပါတီရဲ့ ရှမ်းပြည်အရှေ့ပိုင်းတာဝန်ခံ ဦးစိုင်းလုံက ပြောပြပါတယ်။

အခုလို ပါတီဝင်တဦးကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆို ဖမ်းဆီးထားတာကို နားမလည်နိုင်အောင်ဖြစ်ရတယ်လို့ ပါတီအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

“ကျနော့်အမြင်မှာတော့ အက်စ်အက်စ်အေ အားလုံးပေါ့ဗျာ။ တောင်းပိုင်း မြောက်ပိုင်း ဘာတခုမှ မတရားအသင်းအဖြစ် ရပ်တည်စရာမှ မရှိပဲ။ ပြည်ထောင်စုအဆင့်ကော ပြည်နယ်အဆင့်ကော ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ နောက်ဆုံးကျရင် ဗိုလ်ချုပ်ကြီး ယွတ်စစ်ကိုယ်တိုင် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ပြုလာတဲ့ ပုဂ္ဂိုလ်ပဲ။ သူ့အဖွဲ့အစည်းကို မတရားအသင်း ဆက်သွယ်တယ်၊ ဘာညာ စွပ်စွဲမယ်ဆိုရင် သမ္မတကြီးကိုယ်တိုင်ပါ အဲဒီအထဲ အကျုံးဝင်သွားမှာပေါ့ဗျ။ အဲဒီတော့ ဒါဟာ လက်သင့်ခံနိုင်စရာ အကြောင်း မရှိပါဘူး။”

ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင် ၀န်ကြီးတဦးဦးနဲ့ ပါတီဥက္ကဋ္ဌတို့ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့ကလည်း သူတို့ ဆက်ဆံရေးရုံးကို စရဖ တပ်ဖွဲ့ဝင်တွေက ၀င်ရောက်စီးနင်း ရှာဖွေခဲ့မှုအပေါ် ဖြေရှင်းချက်ပေးဖို့ အစိုးရကို တောင်းဆို ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013