DVB Logo
Home
မြန်မာသတင်း
တန့်ဆည်နှင့်ထိချိုင့်တွင် တိုက်ပွဲပြင်းထန်၊ ကျက်သရေချောင်းရွာသား ၂၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်
DVB
·
November 12, 2022
တန့်ဆည်နှင့်ထိချိုင့်တွင် တိုက်ပွဲပြင်းထန်၊ ကျက်သရေချောင်းရွာသား ၂၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်
Donate to DVB

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ရေရှင်ကုန်းကျေးရွာအနီးနဲ့ တန့်ဆည် - ကံထူးမလမ်းတလျှောက်မှာ  နိုဝင်ဘာ ၁၁ ရက်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ ၂ ကြိမ်နဲ့ ဝရငယ်မူးတံတားအနီးမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်တပ်ဖွဲ့ဖြစ်တဲ့ TPC - Taze People Comrades တာဝန်ရှိသူက ပြောပါတယ်။ 

ခမရ ၃၆၈ မှ အင်အား ၁၅၀ လောက်ပါ စစ်ကောင်စီတပ်ဖွဲ့ဟာ မနေ့ မ‌နက် ၈ နာရီဝန်းကျင်က ကံထူးမကျေးရွာ အရှေ့ဘက်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး ‌ရေရှင်ကျေးရွာအနီးအရောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

TPC - Taze People Comrades တာဝန်ရှိသူက  "ကံထူးမဘက်ကနေ အရှေ့ဘက်က ရွာတွေကို အကြမ်းဖက်လုပ်ရပ်တွေလုပ်ဖို့ စစ်ကြောင်းထိုးလာတာကို ကြားဖြတ် တိုက်ခိုက်တာ ဖြစ်ပါတယ်။ အပြန်လှန်အနီးကပ်ပစ်ကြတာ။ မီတာ ၃၀ နဲ့ ၄၀ လောက်ပဲ ကွာပါတယ်။ စကစက အခုလပိုင်းအတွင်း ဒီဘက်နယ်ကို အင်အားဖြည့်တင်းနေတာတွေလည်း ရှိနေတယ်" လို့ ပြောပါတယ်။ 

အဲ့ဒီနောက် တန့်ဆည် - ကံထူးမလမ်းတလျှောက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေး အဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ၂ နာရီကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲ ၂ ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ၇ ဦးသေဆုံးပြီး ဒေသကာကွယ်ရေးအဖွဲ့ တွေဘက်က အထိခိုက်အကျဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝရငယ်မူးတံတားတောင်ဘက် ရေကျော်တံတားပေါ် ခြေလျှင်စစ်ကြောင်းနဲ့ ဖြတ်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့တွေက ပဒေသာမိုင်း ၄ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး နာရီဝက်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ‌တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပြီး အများပြားဒဏ်ရာရရှိသွားတယ်လို့ တန့်ဆည် (ပကဖ) က တာဝန်ရှိသူက အတည်ပြုပြောဆိုပါတယ်။

ထီးချိုင့်မြို့နယ်မှာ နိုဝင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် ကျက်သရေချောင်းကျေးရွာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့လို့ ပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကျက်သရေချောင်း ကျေးရွာဒေသခံ တဦးက  "စစ်တပ်နဲ့ PDF တို့ မနက်ခင်းက တိုက်ပွဲဖြစ်ပြီး နေ့လယ် ၁ နာရီကျော်လောက် ရွာကို မီးရှို့တယ်။ မီးမရှို့ခင် လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ စပါးတဲတွေကော နေအိမ်တွေကောဆို  အလုံး ၂၀ လောက်မီးလောင်သွားတယ်။ ဒီနားက ရွာတွေက ပြည်သူတွေလည်း ဘေးလွတ်ရာ ပြေးနေရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကျက်သရေချောင်းကျေးရွာအတွင်း နေအိမ်၊ ဆိုင်ကယ်နဲ့ ဂွန်ဒေါင်း လယ်ထွန်စက်တွေကို မီးရှို့ ဖျက်ဆီးခဲ့တဲ့အပြင် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသမီး တဦး ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့  ဆိုပါတယ်။

စစ်ကောင်စီတပ်က ကျက်သရေချောင်းကျေးရွာအတွင်း ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်  အနီးနားမှာရှိတဲ့ တည်တော၊ ပေါက်ကုန်းနဲ့ သခွပ်ချောင်စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူ ၂၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ဘေးလွတ်ရာ ရှောင်တိမ်းနေထိုင်ကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013