DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့
DVB
·
May 10, 2014
ကမ္ဘာ့ရွှေ့ပြောင်းငှက်များနေ့
1 / 7
Donate to DVB

မေလ ၁၀ ရက်နဲ့ ၁၁ရက်နေ့ဟာဆိုရင် နိုင်ငံတကာကသတ်မှတ်ထားတဲ့ ကမ္ဘာ့ရွှေ့ပြောင်း ငှက်များနေ့ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ ရွှေ့ပြောင်းငှက်များနဲ့ ခရီးသွားလာရေး လုပ်ငန်းဖြစ်ပါတယ်။ နိုင်ငံတကာမှာတော့ ငှက်ကြည့်ခရီးသွား ဓာတ်ပုံရိုက်ကူရေးလုပ်ငန်နဲ့ ဒေသခံတွေဝင်ငွေတွေ ရရှိနေပါတယ်။

မြန်မာနိုင်ငံမှာရော ရွှေ့ပြောင်းငှက်အပေါ် အခြေခံတဲ့ ခရီးသွားလုပ်ငန်း တိုးတက်နေပြီလား၊ စိန်ခေါ်မူတွေဘယ်လိုရှိပါသလဲ။
ကမ္ဘာ့ရွှေ့ပြောင်းငှက်တွေ အများဆုံးလာရောက်လေ့ရှိတဲ့ ပဲခူးတိုင်းဒေသကြီး မိုးယွန်းကြီးအင်းကို ၁၉၈၈ ခုနှစ်ထဲက ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပြီး ဧက ၂၅၆၀၀ ကျယ်ဝန်းပါတယ်။

ရန်ကုန်မြို့နဲ့ မိုင်၇၀ ခန့်အကွာမှာ တည်ရှိပြီး မြန်မာနိုင်ငံရဲ့တခုတည်းသော ရေတိမ်ဒေသနဲ့ ငှက်အများစု ကျက်စားရာနေရာလည်း ဖြစ်ပါတယ်။ ဒီအင်းမှာ ဌာနေငှက်မျိုးစိတ် ၁၂၅ မျိုးရှိပြီး ရွှေ့ပြောင်းငှက် ခရီးသွားလာရေးလုပ်ငန်းရဲ့ အဓိက နေရာလည်းဖြစ်ပါတယ်။

မိုးယွန်းကြီးအင်းကို ရွှေ့ပြောင်းငှက်လာရောက်လေ့လာတဲ့ ခရီးသည် နှစ်စဉ် ၂၀၀၀ ကျော်ရှိပြီး အများစုက နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအထိ လာရောက်ကြတယ်လို့ မိုးယွန်းကြီးအင်း အုပ်ချုပ်ရေးမှူး သစ်တောဦးစီးမှူး ဦးခင်မောင်လှက ပြောပါတယ်။
“သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းလို့ ခေါ်တာပေါ့။ နှစ်တနှစ်မှာ ဆောင်းခိုငှက်ကျရောက်တဲ့ နိုဝင်ဘာလနဲ့ ဖေဖော်ဝါရီ နောက်ဆုံးပတ်လောက်အထိပဲ ညအိပ်ဧည့်သည်တွေက များတယ်။ ကျန်တဲ့အချိန်တွေကတော့ လာရောက်တဲ့ သိပ်ဧည့်သည်မရှိဘူး။ ရွှေ့ပြောင်း ဆောင်းခိုငှက်တွေ ရှိလို့ လာကြတာများတယ်။ ပြည်တွင်းဧည့်သည်တွေက တနှစ်လုံးမှ ၂၀၀၀ ကျော်လောက်ရှိတယ်။ ပြည်ပ နိုင်ငံခြားသား ဧည့်သည်တွေက ၂၀၀ ကျော်လောက် ရှိတာပေါ့။”

ကမ္ဘာ့ခရီးသွားလာရေး အဖွဲ့ချုပ်ကတော့ ကမ္ဘာမှာနှစ်စဉ်ခရီးသွား ဧည့်သည် သန်း ၁၀၀ ခန့်ဟာ နယ်စပ်ဒေသတွေကို ဖြတ်သန်းသွားလာနေပြီး ရွှေ့ပြောင်းငှက်လေ့လာရေးလို သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေ ဖော်ထုတ်သင့်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာလည်း ဒေသခံငှက်တွေအပါအ၀င် ရွှေ့ပြောင်းငှက်တွေကို တရားမ၀င် ဖမ်းဆီးရောင်းချမှုတွေ ရှိနေပြီးဆောင်းခိုငှက် ရွှေ့ပြောင်းငှက်တွေ အများဆုံးပါဝင်နေတယ်လို့ မြန်မာနိုင်ငံ ငှက်ဝါသနာရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာ ဦးသိန်းအောင်က ပြောပါတယ်။
“ငှက်ကြော်ရောင်းတယ်ဆိုရင် များသော အားဖြင့် ဒီငှက်တွေပဲ။ သူတို့ပြောတဲ့ စနိုက်ကြော်ရမယ်၊ ရေငှက်ကြော်ရမယ် စသဖြင့်ပေါ့နော်။ များသောအားဖြင့် ဆောင်းခိုငှက်တွေပဲ။ ဘာဖြစ်လိုလဲ ဆိုတော့ ဆောင်းခိုငှက်တွေက အဲဒီအချိန်မျိုးမှာ အုပ်စုလိုက်လာပြီး ကျက်စားတဲ့အတွက် ပိုက်ထောင်လိုက်ရင် အုပ်စုလိုက် မိတတ်တာပေါ့နော်။ လူအကုန်လုံးလည်း မဟုတ်ဘူး။ လူနည်းစုကပဲ အဲဒီလိုမျိုး ငှက်တွေ ထောင်စားတယ်၊ ပြီးတော့ သတ်ရောင်းတယ်။ ရတဲ့ ၀င်ငွေလေးနဲ့ အသက်မွေးဝမ်းကြောင်းပြုတယ်။ အဲဒီလိုမျိုးက မှန်ကန်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ငှက်မျိုးစိတ်တွေ မြန်မြန်တုံးအောင် လုပ်တာနဲ့ အတူတူပဲ။”

မြန်မာနိုင်ငံမှာ မိုးယွန်းကြီးအင်း အပါအ၀င် အင်းလေးကန်၊ အင်းတော်ကြီးအိုင်၊ မုတ္တမကွေ့၊ မြစ်ဝကျွန်းပေါ် စတဲ့ဒေသတွေမှာ ရွှေ့ပြောင်းငှက်တွေ အများအပြားကျက်စားကြပြီး ငှက်ကြည့် လေ့လာရေး ခရီးစဉ်တွေ ဖော်ထုတ်ဖို့လိုနေပါတယ်။

ငှက်ကြည့်လေ့လာရေးခရီးစဉ် တိုးတက်ဖို့အတွက် သဘာဝထိန်းသိမ်းရေးနယ်မြေ မဟုတ်တဲ့ အခြားနေရာတွေကိုလည်း ဒေသခံတွေအနေနဲ့ ဖော်ထုတ်သင့်တယ်လို့ မိုးယွန်းကြီး အင်းအုပ်ချုပ်ရေးမှူး ဦးခင်မောင်လှက ပြောပါတယ်။
“ဆောင်းခိုငှက်တွေ ကျရောက် ကျက်စားတဲ့ နယ်မြေတွေကို အရင်ဖော်ထုတ်ရမှာပေါ့နော်။ သဘာဝ ထိန်းသိမ်းရေးနယ်မြေ မဟုတ်ပဲနဲ့ အခြားမြေတွေမှာလည်း သစ်တောဦးစီးဌာနကနေ ပြီးတော့ သဘာဝ ထိန်းသိမ်းရေးမဖွဲ့စည်းထားသော်လည်း အခြား ဆည်တို့ နေရာတွေမှာလည်း ဆောင်းခိုငှက်တွေ ကျတာရှိတယ်။ အဲဒီနေရာတွေမှာ ချိတ်ဆက်ပြီးတော့ ထိန်းသိမ်းရင် နိုင်ငံခြားက လူတွေ ပိုစိတ်ဝင်စားလာမယ်ပေါ့နော်။”

လက်ရှိအချိန်ကတော့ မြန်မာနိုင်မှာရှိတဲ့ ငှက်မျိုးစိတ်တွေ ရေတိမ်ဒေသတွေမှာ အသိုက် ဆောက်တဲ့လနဲ့ သားဖွားရာသီ ဖြစ်တယ်လို့ မြန်မာနိုင်ငံငှက်ဝါသနာရှင်များအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာ ဦးသိန်းအောင်က ပြောပါတယ်။
“ဒီအချိန်ကလည်း အသိုက်ဆောက်တဲ့လနဲ့ သားဖွားရာသီ အချိန်လို့ ခေါ်တာပေါ့နော်။ ကျနော် အင်းလေးကို ရောက်ခဲ့တယ်။ ပြီးတော့ မြန်မာပြည်အထက်ပိုင်း ရေတိမ်ဒေသ ရောက်ခဲ့တယ်။ အဲဒီမှာ အသိုက်တွေစ နေကြပြီ။ ကျွဲကျောင်းဗျိုင်းတို့ ဗျိုင်းအောက်တို့ နောက်တခုက ခရုစုပ်အမဲပေါ့နော် ပြီးတော့ ခရုစုပ် အဖြူ ပေါ့ ဒါတွေက အသိုက်တွေ စနေကြပြီ။ ဒီအချိန်သည် ရေသတ္တ၀ါတွေအတွက်ကို သားဖောက်ရာသီပေါ့နော်။ တချို့ကလည်း အသိုက်ဆောက်နေကြပြီ။”

ငှက်တွေက လူသားတွေ နေထိုင်ဖို့ ရှင်သန်ဖို့အတွက် အထောက်အကူပြုသလို ခရီးသွား လာရေးလုပ်ငန်းကိုလည်း အရေးပါနေတဲ့အတွက် မေလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ရွှေ့ပြောင်းငှက်နေ့မှာ ငှက်တွေကို ထိန်းသိမ်းကာကွယ်ဖို့အတွက် တင်ဆက်လိုက်ရပါတယ်။

[gallery ids="56330,56331,56332,56333,56334,56335,56336"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013