DVB Logo
Home
မြန်မာသတင်း
ပနားမီးပုစွန်ဝယ်ယူရန် ရုရှားက တရားဝင်မကမ်းလှမ်းသေးဟု ငါးလုပ်ငန်းအဖွဲ့ချုပ် အဆင့်မြင့် အရာရှိပြော
DVB
·
November 11, 2022
ပနားမီးပုစွန်ဝယ်ယူရန် ရုရှားက တရားဝင်မကမ်းလှမ်းသေးဟု ငါးလုပ်ငန်းအဖွဲ့ချုပ် အဆင့်မြင့် အရာရှိပြော
Donate to DVB

၁ တန်ကို အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော်ရတဲ့ မြန်မာနိုင်ငံမှ မွေးမြူရေး ပနားမီးပုစွန်ကို ရုရှားက ဝယ်ယူဖို့ရှိတယ်ဆိုပေမဲ့ လက်ရှိအချိန်ထိ တရားဝင်ကမ်းလှမ်းလာတာ မရှိသေးဘူးလို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အဆင့်မြင့်အရာရှိတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Global Fisheries Forum and Expo Russia ဖိုရမ်ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီခန့် စိုးက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဒုဝန်ကြီး ဒေါက်တာအောင်ကြီးက ရုရှားနိုင်ငံဟာ အေးလွန်းအားကြီးပြီး မွေးမြူလို့မရတာကြောင့် မြန်မာနိုင်ငံက ပုစွန် အပါအဝင် ရေထွက်ပစ္စည်းတွေကို တန်ဖိုးမြင့် ထုတ်ကုန်ပြုလုပ်ပြီး သူတို့နိုင်ငံဆီ ပြန်လည်တင်ပို့ ရောင်းချနိုင်ဖို့ လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှ မွေးမြူရေးပုစွန်ကို ဝယ်ယူဖို့ ရုရှားနိုင်ငံက တရားဝင် ကမ်းလှမ်းလာတာ မရှိသေးဘူးလို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အဆင့်မြင့်အရာရှိတဦးက အခုလို မှတ်ချက်ပေးပါတယ်။

“သူတို့က မြန်မာဆီက မွေးမြူရေးပုစွန်ဖြူ(ပနားမီး)ဝယ်မယ်လို့တော့ ပြောထားတာ ရှိတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ တိုက်ရိုက်ချိတ်ဆက်လာတာ မရှိသေးသလို အမှာကမ်းလှမ်းစာ (offer) တွေလည်း မလာသေးဘူး။ ဆိုလိုတာက သူတို့ ဝယ်မယ်ဆိုရင် တန် ဘယ်လောက် ဝယ်မယ်၊ ဘယ်အရွယ်အစားတွေ ဖြစ်ရမယ်၊ ဘယ်ဈေးနဲ့ဝယ်မယ်ပေါ့နော်။ အဲ့ဒီလို ပုံစံမျိုးနဲ့ တရားဝင် ကမ်းလှမ်းလာတာ မရှိသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရုရှားဆီ တင်ပို့ဖို့ စီစဉ်နေတဲ့ မွေးမြူရေး ပနားမီးပုစွန်ဟာ ၁ တန်ကို အမေရိကန်ဒေါ်လာ ၅၀၀၀ ကျော် ဈေးရရှိပြီး လက်ရှိမှာတော့ တရုတ်ကုန်သည်တွေက တနင်္သာရီတိုင်း မြိတ်အထိ ကိုယ်တိုင်ဆင်းကာ လာရောက်ဝယ်ယူနေတာ ရှိပါတယ်။

ရေထွက်ပို့ကုန်လုပ်ငန်းရှင်တဦးက “လက်ရှိမှာတော့ တရုတ်ကုမ္ပဏီတွေက မြိတ်အထိ တိုက်ရိုက်ဆင်းဝယ်နေတာ ရှိတယ်။ ပုံမှန်တရားဝင်သွားဖို့ဆိုရင် DACC certificate ရှိဖို့ လိုတယ်။ အခုက အဲ့ဒါ မရသေးဘူး။ ဒါပေမဲ့ တရုတ်ကုန်သည်တွေက သူ့နည်း သူ့ဟန်နဲ့ ပြန်ပို့နေတာ။ DACC ဆိုတာ တရုတ်ပြည်က အကောက်ခွန်ဌာနပါ။ ဒါကြောင့် တရားဝင်သွားနိုင်ဖို့ ကျနော်တို့ဘက်က ပုစွန်အမျိုးအစားတွေ ပို့ထားတယ်။ ဒါပေမဲ့ သူတို့ဆီက approve မရသေးဘူး။ သူတို့ကတော့ ကျနော်တို့ဆီ simple တွေတောင်းတယ်။ ပြီးတော့ အသားတွေထဲမှာ သတ္တူဓါတ်ရှိလား မရှိဘူးလားဆိုတာ စစ်တယ်။ ဒါတွေစစ်ပြီး လို့ approve ဖြစ်သွားရင် တရားဝင် ပို့လို့ရပြီ။ အခု ပို့နေတာတွေက DACC certificate မရဘဲနဲ့ တရုတ်ကုန်သည်တွေ သူ့နည်းသူ့ဟန်နဲ့ ပို့နေကြတာ။ သူတို့ဆီက approve ရဖို့အတွက် လုပ်နေတာ ကြာပြီ။ နီးစပ်နေပြီလို့တော့ ကြားတယ်။ တရားဝင်သွားနိုင်ရင်တော့ ဈေးကွက်လည်း ပိုခိုင်မာမယ်။ ဈေးလည်း ပိုရနိုင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

မြန်မာ့ရေထွက်ကုန်တွေကို ဥရောပနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့နေပေမယ့် ထိုင်း နဲ့ တရုတ်နိုင်ငံတို့က အများဆုံး ဝယ်ယူမှု ရှိနေတာပါ။

စစ်တပ်က အာဏာမသိမ်းမီ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာ့ရေထွက်ကုန်တင်ပို့မှုက အမေရိကန်ဒေါ်လာ သန်း ၈၆၀ နီးပါး ရရှိခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ယခု(၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် သြဂုတ်အထိ ၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံတွေကို မြန်မာ့ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇၈၅ သန်းကျော် ရရှိထားပေမဲ့ ကာလတူ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ယှဉ်ရင် အမေရိကန်ဒေါ်လာ သန်း ၈၀ လောက် လျော့ကျနေတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013