DVB Logo
Home
မြန်မာသတင်း
အာရှကြံ့တွေအတွက် အန္တရာယ်ရှိလာနိုင်တဲ့ မြန်မာ
DVB
·
November 11, 2022
အာရှကြံ့တွေအတွက် အန္တရာယ်ရှိလာနိုင်တဲ့ မြန်မာ
Donate to DVB

အာဏာသိမ်းပြီးချိန်နောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ နီပေါနိုင်ငံတွေမှာ တွေ့ရတဲ့ ဦးချိုတချောင်းကြံ့တွေအပါအဝင် အာရှကြံ့တွေအတွက် အန္တရာယ်ရှိတဲ့ဒေသ ဖြစ်လာနိုင်တယ်လို့ နယ်သာလန်နိုင်ငံအခြေစိုက် Wildlife Justice Commission က ထုတ်ပြန်တဲ့ တကမ္ဘာလုံးက ကြံ့ချိုမှောင်ခိုရောင်းဝယ်မှုတွေအကြောင်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

နိုင်ငံဖြတ်ကျော်ကာ အုပ်စုဖွဲ့ စနစ်တကျ ကျူးလွန်သော ကြံ့ချိုမှောင်ခို ရာဇဝတ်မှု (၂၀၁၂-၂၀၂၁) အမည်ရခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ အာရှကြံ့ချိုတွေကို ဖမ်းဆီးရရှိမှု ကျဆင်းလာပေမယ့် အိန္ဒိယကနေ မြန်မာ၊ မြန်မာကနေတဆင့် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တရုတ်ကိုသွားတဲ့ လမ်းကြောင်းအတိုင်း  ကြံ့ချိုမှောင်ခိုတင်ပို့တာတွေကတော့ ပိုပြီးတိုးလာနေတယ်လို့ ဖော်ပြထားပါတယ်။

ကြံ့ချိုတွေနဲ့ ကြံ့ချိုနဲ့လုပ်တဲ့ ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံဘက်အခြမ်းက ရွှေတြိဂံဒေသအတွင်းမှာ ရောင်းချဖို့ ပြင်ဆင်ထားရှိတယ်လို့ အဲဒီအစီရင်ခံစာက ပြောပါတယ်။ 

မဏိပူရပြည်နယ်ကနေတဆင့် မြန်မာ၊ မြန်မာကနေ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တရုတ်အထိ ဖြန့်ကျက်နေတဲ့ ကြံ့ချိုမှောင်ခိုလုပ်ငန်း ကွန်ရက်တွေကို  အိန္ဒိယ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ရာဇဝတ်မှုထိန်းသိမ်းရေးဌာနက စုံစမ်းစစ်ဆေးနေတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားမှာ တည်ရှိသလို အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ လာအိုတို့နဲ့လည်း နယ်နိမိတ်ချင်းထိစပ်နေတာကြောင့် မြန်မာနိုင်ငံဟာ မှောင်ခိုသယ်ယူရေးလမ်းကြောင်းမှာ အရေးပါတဲ့ ဆုံချက်နေရာဖြစ်နေတယ်လို့ ဆိုပါတယ်။ 

နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ နယ်စပ်ဒေသတွေမှာ ဥပဒေစိုးမိုးမှု လျော့ရဲနေတာတွေအပြင် လက်နက်ကိုင်တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံဟာ အာရှကြံချိုမှောင်ခိုလုပ်ငန်းတွေအတွက် အန္တရာယ်ရှိတဲ့ဒေသ ဖြစ်လာမှာကို စိုးရိမ်ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သားရဲတိရစ္ဆာန်တွေ မှောင်ခိုသတ်ဖြတ်တာကို မတားဆီးနိုင်ခြင်းနဲ့ သားရဲတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေကို ကောင်းကောင်းမလုပ်နိုင်တာကြောင့် အိန္ဒိယနဲ့ နီပေါနိုင်ငံတွေမှာပဲ တွေ့ရတဲ့ ဦးချိုတချောင်းကြံ့တွေရဲ့ အရေအတွက်ဟာ စိုးရိမ်စရာကောင်းအောင် အကောင်ရေ ၄၀၀၀ အောက်ကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံ အာဆမ်ပြည်နယ်ထဲက ကာဇီရန်ဂါ အမျိုးသားဥယျာဉ်မှာ ၂၀၂၂ ခုနှစ် ရေတွက်ချက်အရ အများဆုံး အကောင်ရေ ၂၆၁၃ ရှိတယ်လို့ ဆိုပါတယ်။

အာရှကြံ့ချိုတွေကို မှောင်ခိုကုန်သွယ်မှုနဲ့ ဖမ်းဆီးရရှိတဲ့ အချက်အလက်တွေကို သုံးသပ်ကြည့်ရင် ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်မှာ အကြိမ်ရေအများဆုံးနဲ့ အလေးချိန်အများဆုံးဖြစ်တာကို တွေ့ရကြောင်းနဲ့ ဆယ်စုနှစ်တခုအတွင်းမှာ အာရှကြံ့တွေကို မှောင်ခိုသတ်ဖြတ်တဲ့နှုန်းဟာလည်း တဖြည်းဖြည်း ကျဆင်းလာတာကိုတွေ့ကြောင်း အစီရင်ခံစာကပြောပါတယ်။ 

ဖမ်းဆီးခံရရှိတဲ့ ကြံ့ချိုအလေးချိန်နည်းနေတာဟာ ဖမ်းမိတဲ့ အလေးချိန်နည်းတာကြောင့်ဖြစ်ပြီး အာဖရိက ကြံ့ချိုတွေလို ပမာဏအမြောက်အမြား ဖမ်းဆီးရရှိတာမျိုး မဟုတ်ဘဲ အာရှကြံ့ချိုတွေကိုတော့ တခါတရံမှာ တချောင်းတည်းသာ ဖမ်းဆီးရရှိတာမျိုးရှိတယ်လို့ ဆိုပါတယ်။ 

ဒါဟာ အာရှကြံ့တွေရဲ့ အရေအတွက်ဟာ အာဖရိကကြံ့တွေရဲ့ အရေအတွက်ထက် နည်းနေတာကြောင့်လည်း ဖြစ်နိုင်သလို အာရှကြံ့ချိုတွေရဲ့ မူလဒေသဖြစ်တဲ့အိန္ဒိယနဲ့ နီပေါကနေ ခရီးဆုံးပန်းတိုင်ဖြစ်တဲ့ အရှေ့အာရှဈေးကွက်ထဲကို ကုန်းလမ်းကနေ အလွယ်တကူတင်ပို့နိုင်တဲ့ မှောင်ခိုသယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်ကွဲပြားတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ အဲဒီအစီရင်ခံစာက ပြောပါတယ်။

ကြံ့ချိုမှောင်ခို ဖမ်းဆီးရရှိမှု မှတ်တမ်းတွေမှာ နိုင်ငံဖြတ်ကျော်သယ်ဆောင်တဲ့ လမ်းကြောင်းအနည်းငယ်ကိုသာ တွေ့ရှိရကြောင်း၊ ဒါဟာလည်း ကြံ့တွေ တရားမဝင်မှောင်ခိုသတ်ဖြတ်ခံရတဲ့ အိန္ဒိယနဲ့ နီပေါမှာသာ ကြံ့ချိုမှောင်ခိုရောင်းဝယ်မှုကို ဖမ်းဆီးရရှိတာကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။ 

၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်မှာလည်း အင်ဒိုနီးရှားမှာ ဆူမာထရန်ကြံ့ချိုမှောင်ခိုဖမ်းဆီးရရှိမှု ၆ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကြံ့ချိုမှောင်ခိုဖမ်းဆီးရရှိမှု အချက်အလက်တွေအရ အာရှကြံ့ချိုတွေကို နယ်စပ်ဖြတ်ကျော်မှောင်ခိုမှု ၈ ကြိမ်ရှိခဲ့ကြောင်းနဲ့ အာရှကြံချိုတွေကို အိန္ဒိယကနေတဆင့် နီပေါ၊ အဲဒီကနေတဆင့် ဘူတန်နဲ့ တရုတ်ကို ပို့ဆောင်နေတာလည်း ဖြစ်နိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013