DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တ၀န်း မီးထိန်ထိန်လင်းတော့မည်
DVB
·
May 9, 2014
ရခိုင်ပြည်နယ်တ၀န်း မီးထိန်ထိန်လင်းတော့မည်
1 / 2
Donate to DVB

ရခိုင်ပြည်နယ်အတွင်း သံတွဲနဲ့တောင်ကုတ်မှာ လာမယ့်သီတင်းပတ်အတွင်း လျှပ်စစ်မီးကို နိုင်ငံတ၀န်းက တခြားဒေသတွေ နှုန်းထားအတိုင်း သုံးစွဲခွင့်ရတော့မှာဖြစ်ပြီး ကျန်မြို့နယ်တွေ မှာလည်း လာမယ့်နှစ်ပိုင်းတွေအတွင်း မီးရရှိရေးဆောင်ရွက်နေတယ်လို့ ပြည်နယ်အစိုးရ ၀န်ကြီးတဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ချင်းပြည်နယ်ပြီးရင် ဖွံ့ဖြိုးမှုနဲ့အနိမ့်ကျဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ မီတာတယူနစ်ကို ကျပ်ငွေ ၅၀၀ နဲ့ သုံးစွဲရာကနေ မကြာခင်ကာလအတွင်း မြေပြန့်မှာ ကျသင့်တဲ့အတိုင်း တယူနစ်ကို ကျပ်ငွေ ၃၅ ကျပ်နှုန်းနဲ့ သုံးစွဲခွင့်ရတော့မှာ ဖြစ်ပါတယ်။

[caption id="attachment_56311" align="alignleft" width="225"]ဓာတ်ပုံ - ရခိုင်လူမှုကွန်ယက် တောင်ကုတ် ဓာတ်ပုံ - ရခိုင်လူမှုကွန်ယက် တောင်ကုတ်[/caption]

ပြည်နယ်အစိုးရက တောင်ကုတ်မြို့နယ်နဲ့ သံတွဲမြို့နယ်မှာ မေလ ၁၀ ရက်နေ့က စတင်ပြီး အစိုးရဈေးနဲ့ လျှပ်စစ်မီးပေးဝေဖို့ စီစဉ်ပေမယ့် ကြိုးသွယ်တာ မပြီးပြတ်သေးတာကြောင့် အနည်းငယ်နောက်ကျမယ်လို့ ရခိုင်ပြည်နယ်အစိုးရ လျှပ်စစ်စက်မှုဝန်ကြီး ဦေးအာင်သန်းတင်က ပြောပါတယ်။

သံတွဲခရိုင်အတွင်းမှာ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့တို့ ရှိပေမယ့် ဂွမြို့ကတော့ ဒီမဟာဓာတ်အားလိုင်းနဲ့ မချိတ်ဘဲ အသုတ်ဘက်ကလာတဲ့ ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်မီးပေးသွားမယ်လို့ သူက ပြောပါတယ်။

ကျောက်ဖြူမြို့မှာ လျှပ်စစ်မီးလင်းနေပြီဖြစ်ပါတယ်။ တောင်ကုတ်နဲ့ သံတွဲပြီးစီးတဲ့အခါ သံတွဲ၊ ကျောက်ဖြူ၊၊ မအီနဲ့ အမ်းမြို့တွေကို ဆက်လက်ချိတ်ဆက်မီးပေးသွားဖို့ ဆောင်ရွက်နေပြီး လာမယ့် စက်တင်ဘာမှာ မီးရရှိကြမယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ် မီးလင်းရေးစီမံချက်ကို ၂၀၁၁ ခုနှစ်ကတည်းက စတင်လုပ်နေတာဖြစ်ပြီး  အိန္ဒိယ ချေးငွေ၊ ကျောက်ဖြူဓာတ်ငွေ့ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေနဲ့ နိုင်ငံတော်ဘတ်ဂျက်ငွေတွေနဲ့ ပေါင်းစပ် လုပ်ကိုင်နေတယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မီးလင်းရေး စီမံထားရှိမှုကတော့ ၂၀၁၄ ဒီဇင်ဘာမှာ အမ်း၊ ပုဏ္ဏားကျွန်း၊  စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်မြို့တွေမှာ လျှပ်စစ်မီး ရရှိဖို့နဲ့ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်မှာ ဆိုရင် မင်းပြား၊ ရန်းဗြဲ၊ ဘူးသီးတောင်၊ မောင်တောမြို့တွေကို လျှပ်စစ်မီး ရရှိရေးစီမံချက် ထားရှိလုပ်ဆောင်နေတယ်လို့ ရှင်းပြပါတယ်။

လက်ရှိကာလထိ ဆောင်ရွက်ရာမှာ ကြုံတွေ့မှုကတော့ မအီနဲ့ ကျောက်ဖြူကို ၂၃၀ ကေဗွီလိုင်းတွေ ဖြတ်သန်းရာမှာ တာဝါတိုင်တွေ စိုက်ထူရာမှာ ရွှံ့နွံတောတွေကို ပိုင်ရိုက်ပြီးမှ တာဝါတိုင် စိုက်ထူရတာတွေ၊ တောင်ပေါ်တွေမှာ တာဝါတိုင်စိုက်ထူရတာတွေမှာ အခက်အခဲကြုံရပြီး ကျန်မြေပြန့်ဒေသမှာတော့ အခက်အခဲ မရှိဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်း လျှပ်စစ်မီးရရှိတဲ့အခါ ရေထွက်ကုန်နဲ့ဆက်စပ်တဲ့ အအေးခန်း စက်ရုံတွေ၊ ငါး၊ ပုစွန်သိုလှောင်စက်ရုံတွေ ပေါ်ထွန်းလာနိုင်ပြီး ဖွံ့ဖြိုးတိုးတက်လာနိုင်မယ်လို့ သူကမျှော်မှန်းပေမယ့် စက်မှုဇုန်တွေအတွက် လုံလောက်အောင်ထိ လျှပ်စစ်မီး မရနိုင်သေးဘူးလို့ ဦးအောင်သန်းတင်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မဟာဓာတ်အားလိုင်း မရောက်တာကြောင့် ဒေသခံတွေစုပြီး မီးလင်းရေး ကော်မတီတွေ ဖွဲ့စည်းလုပ်ဆောင်ခဲ့ကြရာက နောက်ပိုင်းမှာ ဖိုးသီးချိုကုမ္ပဏီက မီးပေးရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ်။

သံတွဲဒေသခံ ကိုဝင်းနိုင်က “မြို့ထဲမှာတော့ ဓာတ်တိုင်အသစ်တွေ လဲထားတာ တွေ့ပါတယ်။ ဒါပေမယ့် တိုင်ထောင်ထားတုန်းပဲရှိပါသေးတယ်၊ ဓာတ်တိုင်တွေတော့ စိုက်နေပါတယ်။ နောက် တောင်ကုတ်ဓာတ်အားခွဲရုံကနေပြီးတော့ သံတွဲကို ဓာတ်အားကြိုးတွေ သွယ်တန်းနေပါတယ်။ အဲဒါတွေက အခုချိန်အထိ ပြီးစီးခြင်း မရှိသေးပါဘူး” လို့ ပြောပါတယ်။

သံတွဲခရိုင်တွင်းမှာ ပါဝင်ပြီး သံတွဲမြို့ကနေ မိုင်ရှစ်ဆယ်လောက်ကွာဝေးတဲ့ ဂွမြို့နဲ့ ကျိန္တလီ မြို့နယ်ခွဲကို မီးရရှိရေးကို လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်တုန်းက အချိန် အကန့်အသတ်နဲ့ မီးပေးခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013