
အသိဉာဏ်တု (AI) ဟာ လူသားမျိုးနွယ်ရဲ့ ဖြစ်တည်မှုကို ခြိမ်းခြောက်နိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဗော်လ်ကာ တာ့ခ်က စက်တင်ဘာ ၇ ရက်မှာ သတိပေးလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က လူ့အခွင့်အရေးကောင်စီမှာ AI ဘေးကင်းရေးအတွက် “ခိုင်မာတဲ့ အာမခံချက်တွေ” အချိန်မနှောင်းခင် ချမှတ်ဖို့ သူက တိုက်တွန်းပါတယ်။
လာမဲ့ရက်တွေမှာ AI ကုမ္ပဏီတွေဆီ စာပို့ပြီး အန္တရာယ်တွေ ချက်ချင်းလျှော့ချဖို့ တိုက်တွန်းမယ်လို့ တာ့ခ်က ပြောပါတယ်။
စွမ်းအားမြင့် AI စနစ်တွေ ချို့ယွင်းရင် အရေးကြီးဝန်ဆောင်မှုတွေ၊ ဆက်သွယ်ရေးနဲ့ ဒီမိုကရေစီစနစ်တွေ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။
AI ကို ထိန်းချုပ်နိုင်တဲ့ “အကန့်အသတ်မဲ့နီးပါး အာဏာ” ဟာ လူနည်းစုလက်ထဲမှာပဲ ရှိနေတယ်လို့လည်း တာ့ခ်က သတိပေးပါတယ်။
AI လုပ်ငန်းတွေ အခြေစိုက်တဲ့နိုင်ငံတွေနဲ့ ဆက်စပ်ထောက်ပံ့ရေးနိုင်ငံတွေက မကျော်လွန်ရမဲ့ ကန့်သတ်ချက်တွေကို အတူသတ်မှတ်ဖို့လည်း သူက တောင်းဆိုပါတယ်။
လူထိန်းချုပ်မှုမပါတဲ့ ရုရှားဒရုန်းတွေကြောင့် ယူကရိန်းမှာ ဩဂုတ်လက လူသုံးယောက် သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေကိုလည်း ထိတ်လန့်မိကြောင်း တာ့ခ်က ပြောပါတယ်။
“လူပါဝင်မှုမရှိဘဲ အသက်သတ်နိုင်တဲ့ လက်နက်တွေကို အမြန်ဆုံးတားမြစ်ဖို့ တောင်းဆိုပါတယ်” လို့ တာ့ခ်က ပြောပါတယ်။
OpenAI ရဲ့ သိပ္ပံပညာရှင်ချုပ် ယာကုပ် ပါဟော့စကီး ကလည်း AI အလျင်အမြန် တိုးတက်လာမှုရဲ့ အကျိုးဆက်တွေအတွက် ဘယ်သူမှ အဆင်သင့်မဖြစ်သေးတာ စိုးရိမ်မိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
“လူသားတွေက အနာဂတ်ကို ဆက်ထိန်းချုပ်နိုင်ဖို့” AI ဖွံ့ဖြိုးမှုအပေါ် အထူးသတိထားဖို့နဲ့ ထပ်မံထိန်းညှိမှုတွေ လိုအပ်လာနိုင်တယ်လို့လည်း ပါဟော့စကီးက သတိပေးထားပါတယ်။











