DVB Logo
Home
Lead Story
ဖွဲ့စည်းပုံပြင်ရေး ဒီမိုကရက်အင်အားစုတွေ အားလုံးပါဝင်ဖို့ ဖြစ်နိုင်ခြေ ရှိ၊ မရှိ (သုံးသပ်ချက်)
DVB
·
May 9, 2014
ဖွဲ့စည်းပုံပြင်ရေး ဒီမိုကရက်အင်အားစုတွေ အားလုံးပါဝင်ဖို့ ဖြစ်နိုင်ခြေ ရှိ၊ မရှိ (သုံးသပ်ချက်)
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းလက်တွဲပြီး ဟောပြောစည်းရုံးကြမယ့် လူထုလှုပ်ရှားမှု ပြုလုပ်ဖို့ ပြင်ဆင် စိုင်းပြင်းနေကြပါတယ်။ လာမယ့် မေ ၁၇ ရက်နေ့ ရန်ကုန်နဲ့ ၁၈ ရက်နေ့ မန္တလေးမြို့တို့မှာ လူထုဟောပြောပွဲ လုပ်ဖို့ ပြင်ဆင်ထားပါတယ်။

Staff sell copies of Myanmar's constitution at the Lower House of Parliament in Naypyitaw၂၀၀၈ ဖွဲ့စည်းပုံပြင်တဲ့နေရာမှာ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အန်အယ်လ်ဒီနဲ့ အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ပဲ လက်တွဲ လုပ်ဆောင်ကြမှာပါလားဆိုတာကို အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က အင်အားစုတွေ အားလုံး ပါဝင်လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

“အားလုံးက ၀ိုင်းပါဝင် ပူးပေါင်းပြီးတော့ လုပ်လို့ရတယ်။ နောက်တခုက ဒီအပေါ်မှာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်လို့ရတယ်။ နောက်လုပ်တဲ့အခါမှာလည်း အားလုံးဝိုင်း ပါဝင်လို့ရတယ်။ လောလောဆယ်ကတော့ ၈၈ နဲ့ ကျနော်တို့နဲ့ပဲ စည်းဝေးပြီး ညှိနှိုင်းပြီးတော့ ပူးပေါင်းလုပ်တာကိုး။ အဲဒီတုန်းက အဲဒီလို ဆန္ဒက ဘယ်သူမှ မသိဘူးလေ။ သိတာက ကျနော်အဖွဲ့ ၂ ခုပဲ သိတော့ ၂ ခုပဲ ကျနော်တို့ လုပ်လိုက်တဲ့ သဘောပဲ။ ဒါပေမယ့် ကျန်တဲ့သူတွေ လုပ်ခွင့်မရှိဘူး၊ မလုပ်ရဘူး၊ မပူးပေါင်းရဘူးလို့ မပြောဘူး။ ပူးပေါင်းပြီး ၀ိုင်းလုပ်လို့ ရတယ်။”

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးက ဖွဲ့စည်းပုံပြင်ရေးလှုပ်ရှားမှုမှာ တိုင်းရင်းသားပါတီတွေ ပါဝင်မယ်လို့ ပြောပါတယ်။

“လောလောဆယ် တရားပွဲ ၂ ပွဲကို အားစိုက်တာပေါ့ဗျာ။ ၁၇ ရက်နဲ့ ၁၈ ရက် တရားပွဲလေ။ အဲဒီကနေပြီး Signature Camping (လက်မှတ်ရေးထိုး လှုပ်ရှားမှု) ကို ဆက်သွားမှာ ဖြစ်တယ်။ Signature Camping ကို ဆက်သွားမယ်ဆိုတဲ့ အခါကျတော့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ အားပေးကူညီမှုက ကျနော်တို့အတွက် အလွန် အရေးကြီးပါတယ်။ တန်းတူရည်တူ ကျနော်တို့ အလုပ်လုပ်ချင်တာပါ။ လောလောလတ်လတ်အနေနဲ့ကတော့ ၁၇နဲ့ ၁၈ ရက်နေ့ ၂ ရက်ကို အားစိုက်နေတယ်။ ဒါလည်း တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပါမှာပါ။”

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဦးလှစောကတော့ အန်အယ်လ်ဒီဟာ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်လုပ်တဲ့အပိုင်းမှာ အားနည်းတယ်လို့ သုံးသပ်ပြောပါတယ်။

“ကျနော်တို့ အတိုက်အခံ အင်အားစုတွေ အားလုံး တစုတစည်းတည်း တကယ့် တန်းတူညီညွတ်တဲ့ တပ်ပေါင်းစု အနေအထားတော့ မရှိဘူးခင်ဗျ။ မြန်မာပြည် နိုင်ငံရေးကို အဲဒီလို မြင်ပါတယ်။ အန်အယ်လ်ဒီဘက်ကလည်း အဲဒီလို လုပ်ဖို့အတွက် နိုင်ငံရေး ဝေဖန်သူတွေက အကြံပေးတာလည်း ကြားတယ်။ အဲဒီတော့ အန်အယ်လ်ဒီကလည်း အဲဒီလုပ်ငန်းအပေါ်မှာ သိပ်အာရုံစိုက်မှု နည်းတယ်။ နောက်တခုက သူတို့က မြန်မာပြည်မှာ Political Leadership ကို အပြီးအပိုင် ရထားတယ်လို့ ယူဆပုံရတယ်။ အဲဒီ Political Leadership တခုကို သူတို့က အပြီးအပိုင် ရထားတဲ့အတွက်ကြောင့် တခြား တိုင်းရင်းသား အင်အားစုတွေနဲ့ ပတ်သက်တဲ့ မဟာမိတ်ဖွဲ့မှုတွေ၊ ခုနပြောသလို လူထုဆန္ဒဖြစ်ဖြစ်၊ တိုက်ပွဲပုံစံမျိုးပဲဖြစ်ဖြစ် လုပ်တဲ့နေရာမှာ အန်အယ်လ်ဒီက အားနည်းတယ်။ နောက် ခေါင်းဆောင်ပိုင်း အနေနဲ့ကလည်း ခေါင်းဆောင်တယောက် မလုပ်ရင် ကျန်တဲ့သူက မလုပ်ဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ နောက်တခုက ကျန်တဲ့သူတွေကရော အဲဒီကိစ္စကို နားမှလည်ရဲ့လားဆိုတဲ့ မေးခွန်းထုတ်စရာတွေ ရှိတယ်။”

ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးသုဝေကလည်း ဒီမိုကရက်ပါတီတွေ အားလုံးပေါင်းပြီး ဖွဲ့စည်းပုံ ပြင်ရေး လုပ်ဖို့ ခက်ဦးမယ်လို့ သုံးသပ်ပါတယ်။

“အားလုံး သဘောတူညီမှုရရင် အကောင်းဆုံးပေါ့။ အခုဟာကတော့ အားလုံး သဘောတူညီမှု ဆိုတာတော့ ကျနော်ထင်တယ်။ ခက်တယ် ထင်တယ်။ အမှန်အတိုင်းဆိုရင်တော့ သက်ဆိုင်ရာပါတီတွေ စုပြီးတော့ ပါတီကြီးတွေကနေပြီး ခေါင်းဆောင်ပြီး အားလုံးကို စုလိုက်ကြ၊ ဆွေးနွေးလိုက်ကြ အဲဒီလို လုပ်မယ်ဆိုရင်တော့လည်း ကောင်းတာပေါ့။ ဒါပေမယ့် ကျနော်ကတော့ တွက်ထားတာ ဖြစ်နိုင်ချေ သိပ်မရှိဘူး ထင်တာပဲ။ သိသလောက် ကြားရသလောက်ကတော့ နံပါတ် ၁ ကတော့ ပါတီအချင်းချင်း ဆက်ဆံမှုက အင်မတန် နည်းသေးတယ်။ နည်းသေးတဲ့အခါကျတော့ တပါတီနဲ့ တပါတီရဲ့ သဘောထားတွေ စိတ်တွေကို လည်းပဲ သေသေချာချာ မသိ ရင်းနှီးမှုက နည်းတဲ့အခါကျတော့ ဆွေးနွေးရတာ ညှိနှိုင်းရတာ ခက်မယ်လို့ ထင်မှာပေါ့။ အဲဒီဥစ္စာက ပထမတုန်းတည်းကိုက တပါတီနဲ့ တပါတီ ရင်းရင်းနှီးနှီး အမြဲတန်း ချစ်ချစ်ခင်ခင် ရှိနေမယ်ဆိုရင်တော့ ဆွေးနွေးရ လွယ်မှာပေါ့။ ပထမ အချက်ကိုက နည်းနည်း ခက်နေတာ။ နောက်တခုကလည်း ပါတီတွေမှာလည်း ကိုယ့်ဘာသာကိုယ် ပြန်ပြီး ဆွေးနွေးရတဲ့အခါကျတော့ ပါတီတခုတိုင်း တခုတိုင်းမှာကိုက အယူအဆလေးတွေ ရှိတယ်။ အဲဒီ ကိုယ့်အယူအဆကို ပါတီထဲမှာ ဆွေးနွေးကြရတာတွေ ရှိတော့ ပါတီတွေ အများကြီး စုလိုက်မယ်ဆိုရင် ပိုခက်မယ်လို့ ယူဆပြီး မစုတာလည်း ဖြစ်နိုင်တာပေါ့။ အားလုံးကလည်း ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လိုလားကြတာပဲလေ။ လိုလားကြတဲ့ အခါကျတော့ အားလုံး ပေါင်းပြီး ပြင်ဆင်ရေး မလုပ်နိုင်ရင်တောင်မှ တယောက်ကို တယောက် သဘောထားက မတူညီရင်လည်းပဲ ခွင့်လွှတ်ရမယ် သီးခံရမယ်။ အဲဒီလို လုပ်မယ်ဆိုရင် မြန်မြန်ပြီးမှာပေါ့ဗျာ။”

တဘက်မှာ သမ္မတ၊ လွှတ်တော်နာယကနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ၃ ဦးစလုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်အတွင်းကပဲ ပြင်ဖို့ သဘောထားမှတ်ချက် ပေးထားကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013