DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ချေးငွေများ အချိန်မီ ပြန်ဆပ်ကြရန် အကြမ်းဖက် စစ်ခေါင်းဆောင် အကြွေးတောင်း
DVB
·
November 2, 2022
ကိုဗစ်ချေးငွေများ အချိန်မီ ပြန်ဆပ်ကြရန် အကြမ်းဖက် စစ်ခေါင်းဆောင် အကြွေးတောင်း
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ဦးမော့လာစေရန် ရည်ရွယ်ပြီး ထုတ်ချေးထားတဲ့ ချေးငွေတွေကို သတ်မှတ်အချိန်အတွင်း အချိန်မီ ပြန်လည်ပေးဆပ်ကြဖို့  အာဏာသိမ်း စစ်ခေါင်းဆောင်က နိုဝင်ဘာ ၁ ရက်က နေပြည်တော်မှာကျင်းပတဲ့ စစ်ကောင်စီအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော် အနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် ဦးမော့လာစေဖို့အတွက် ချေးငွေတွေကို ခေါင်းစဉ်အလိုက် ထုတ်ချေးပေးထားပြီး အဆိုပါချေးငွေများအတွက် ပြန်လည် ပေးဆပ်ရမည့် ကာလကိုလည်း လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုမှုကြောင့် သတ်မှတ် ကာလ တခုသို့ ရွှေ့ဆိုင်းပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နိုင်ငံတော်အနေနဲ့ လည်ပတ်ငွေများ ရှိနေမှသာ စီးပွားရေးလုပ်ငန်းတွေလည်း တိုးတက်ကောင်းမွန်မှာဖြစ်လို့ ချေးငွေတွေကို သတ်မှတ်ချိန်အတွင်း အချိန်မီ ပြန်လည် ပေးဆပ်ကြဖို့နဲ့ အဆိုပါချေးငွေတွေ ပြန်လည် ရရှိမှသာ တခြားလိုအပ်သူတွေထံ ထပ်မံ ထုတ်ချေးပေးနိုင်မှာဖြစ်တာကြောင့် တာဝန်သိစိတ်နဲ့ ဆောင်ရွက်ကြဖို့ စစ်ခေါင်းဆောင်က ဆော်သြထားပါတယ်။

ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရတဲ့ လုပ်ငန်းတွေထဲမှာ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း အပါအဝင် အသေးစားနဲ့အလတ်စား (SME) လုပ်ငန်းတွေဟာ အထိခိုက်ခံရဆုံး စာရင်းထဲမှာ ပါဝင်ခဲ့ပြီး လက်ရှိအချိန်ထိ ရုန်းကန်နေရဆဲ ရှိတာကြောင့် ချေးငွေပြန် မဆပ်နိုင်တဲ့ အပေါ် ဖိအား ရှိလာမှာကို လုပ်ငန်းငယ်သမားတွေက စိုးရိမ်ကြောင့်ကြမှု ရှိနေကြပါတယ်။

“အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ကိုဗစ်ကုစားရေး ရန်ပုံငွေဆိုပြီး ကျနော်တို့ ချေးငွေတချို့ ရရှိခဲ့တာ ရှိပါတယ်။ ဒီချေးငွေကလည်း အမှန်အတိုင်း ပြောရရင် အဲ့အချိန်တုန်းက လုပ်ငန်းလည်ပတ်ဖို့ထက် ဝန်ထမ်းတွေကို လစာ ပေးနိုင်ဖို့အတွက်ပဲ အများစုက အဲ့လို သုံးခဲ့ကြတာပါ။ ဒီရောဂါကပ်ကြီးမှာ အတူတူ စုပေါင်းပြီး ဖြေရှင်းကြမယ်ဆိုပြီး လုပ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ပြဿနာက သိတဲ့အတိုင်းပဲလေ။ နိုင်ငံရေး အပြောင်းအလဲကြီး ဖြစ်လာတော့ အကုန်လုံး ဒုက္ခရောက်ကုန်ကြတယ်။ အခက်အခဲတွေကတော့ အများကြီးပဲ။ ချေးငွေ ပြန်ဆပ်ဖို့ဆိုတာက သူသူကိုယ်ကိုယ်ပဲ မဆပ်နိုင်လောက်ဘူးလို့ ထင်တယ်။ ကျနော်တို့ကတော့ ဒါကို (extension)ပေါ့၊ သက်တမ်းထပ်တိုးပေးသင့်တယ်လို့ပဲ မြင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပကတိအခြေအနေအရ ပြည်တွင်းမှာ ရှိနေတဲ့ စီးပွားရေးလုပ်ငန်းငယ်တွေဟာ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ရုန်းကန်နေရဆဲ ဖြစ်တာကြောင့် ချေးငွေတွေကို ပြန်ဆပ်ဖို့က မလွယ်ဘူးလို့ စီးပွားရေးသုတေသီတဦးက မှတ်ချက်ပေးပါတယ်။

“ကိုဗစ်ပြီးသွားလို့ စီးပွားရေးတွေက ပုံမှန် နာလန်ပြန်ထူနိုင်ပြီ ဆိုရင်တော့ ပြန်ဆပ်နိုင်တာပေါ့။ ဒါပေမဲ့ ကျနော်တို့နိုင်ငံက ကိုဗစ် ပြီးတဲ့နောက် ကိုစစ်(စစ်တပ်မှအာဏာသိမ်းမှု)က ဝင်သွားတာလေ။ ကိုစစ် ဝင်သွားတော့ အခြေအနေက ကိုဗစ်ထက်တောင် ပိုဆိုးသွားတယ်နော်။ ဒီအခြေအနေတွေကြောင့် လုပ်ငန်းတွေက ပုံမှန်ပြန်မဖြစ်သေးဘူး။ အဆိုးဆုံးကတော့ ငွေရေး ကြေးရေး လည်ပတ်မှုမှာ ပြဿနာနဲ့ ကြုံခဲ့ရတာပဲ။ ငွေရေးကြေးရေး ဆိုတာက စီးပွားရေး အတွက်ပဲပြောပြော တိုင်းပြည်ရဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် အသက်သွေးကြောပဲလေ။ အဲ့ဒါတွေက ရပ်သွားပြီးတော့ စီးပွားရေးမှာ စုပေါင်း အကြပ်အတည်း ဖြစ်ပေါ်ခဲ့တာ။ ဒီအကြပ်အတည်းတွေက SME လုပ်ငန်းတွေကို ပိုပြီးတော့ အခြေအနေ ဆိုးဝါးစေတယ်။ ဒီတော့ ယခင် ရှိနေတဲ့ အကြွေးကို ဆပ်ဖို့ နေနေသာသာ ကျနော်မြင်တာကတော့ စစ်ကောင်စီက ပြန်ပြီးတောင် ထပ်ချေး ပေးရဦးမယ်” လို့ ဒီဗွီဘီ ကိုပြောပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ(Revolving Fund)ကနေ ကျပ် ၅၀ ဘီလီယံ နဲ့ လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ကနဦး မတည်ငွေအဖြစ် ထူထောင်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုအခံရဆုံးစာရင်းထဲမှာ ပါရှိတဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း အပါအဝင် အသေးစား နဲ့အလတ်စား(SME)လုပ်ငန်းတွေ နဲ့ CMP လုပ်ငန်းတွေကို အတိုးနှုန်း ၁ ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးခဲ့တာပါ။ ဒီ့နောက် ပြည်ထောင်စုရဲ့ဘဏ္ဍာရန်ပုံငွေထဲက ကျပ် ၁၀၀ ဘီလီယံကို ဒုတိယအသုတ် အနေနဲ့ ထပ်မံဖြည့်ဆည်းပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013