DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် သတင်းသမား ၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်နေ
DVB
·
November 2, 2022
မြန်မာတွင် သတင်းသမား ၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်နေ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သတင်းသမား ၄ ဦးနဲ့ အာဏာမသိမ်းခင်က သတ်ဖြတ်ခံရတဲ့ သတင်းသမား ၅ ဦး စုစုပေါင်း ၉ ဦးရှိပြီး ကျူးလွန်သူတွေ ပြစ်ဒဏ်မှ ကင်းလွတ်နေတယ်လို့  FEMအဖွဲ့နဲ့  ရန်ကုန်အခြေစိုက် သံရုံးတွေက ထုတ်ပြန်ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂ ရက်မှာကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ သတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမှ ပြစ်ဒဏ် ကင်းလွတ်နေခြင်းကို ရပ်တန့်ရေးနေ့” အထိမ်းအမှတ် ထုတ်ပြန်ကြေညာလိုက်တာပါ။ 

မြန်မာနိုင်ငံမှာ သတ်ဖြတ်ခံရတဲ့  သတင်းသမားတွေကို အောက်မေ့ သတိရသလို  ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြရ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရတဲ့ သတင်းထောက်တွေနဲ့အတူ တသားတည်းရပ်တည်ကြောင်း  လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း မြန်မာ( FEM)အဖွဲ့က ဆိုပါတယ်။

၂၀၂၁ ခု စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ မြန်မာသတင်းသမား ၄ ဦးကတော့  ၂၀၂၂ခုနှစ် ဇန်နဝါရီ ၈  ရက်နေ့က စစ်တပ်ရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီး ခံနေရစဥ်အတွင်း ရက်စက်စွာနှိပ်စက် သတ်ဖြတ်ခံခဲ့ရတဲ့ သတင်းထောက် ပူးသွီဒင်း၊  ၂၀၂၂ ခု ဇူလိုင် ၃၀ ရက်က စစ်တပ်က ဖမ်းဆီးချုပ်နှောင်စဉ် အသတ်ခံခဲ့ရတဲ့ ဓာတ်ပုံဆရာ ကိုအေးကျော်၊ ဓာတ်ပုံဆရာ ကိုစိုးနိုင်နဲ့  သတင်းထောက် စိုင်းဝင်းအောင်တို့ ဖြစ်ကြပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကာလကလည်း သတင်းသမား ကိုစိုးမိုးထွန်း၊ ကိုအောင်ကျော်နိုင် (ကိုပါကြီး)၊ ဂျပန်သတင်းထောက် ကန်ဂျီနာဂအိတို့ကို စစ်တပ်ကသတ်ဖြတ်ခဲ့သလို ကြေးမုံသတင်းစာတိုက်က   ဦးသာဝင်းနဲ့  ဦးလှဟန်တို့တို့ဟာလည်း  ၁၉၉၉ ခုနှစ်က သူတို့ရဲ့ရဲရင့်တဲ့ သတင်းခေါင်းစဥ်ကြောင့် သေတဲ့အထိ နှိပ်စက် သတ်ဖြတ်ခံခဲရပါတယ်။  

ဒါ့အပြင် ၂၀၂၁ ခု စစ်တပ် အာဏာသိမ်းချိန်ကစပြီး သတင်းထောက်များစွာကို ထိခိုက်ဒဏ်ရာရစေတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာတွေကို စစ်တပ်က ကျူးလွန်နေကြောင်း ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့က  ဆန္ဒပြသူတွေကို  စစ်သားတွေက ကားနဲ့ အကြမ်းဖက် ဝင်တိုက်ရာ  ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနဲ့  ဗီဒီယိုရိုက်ကူးသူ မမှူးရတနာခက်မို့မို့ ထွန်းတို့ နှစ်ဦး ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် သတင်းထောက် ရဲမွန်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သလို  သတင်းထောက် ကိုဟန်သာငြိမ်းကို အဓမ္မပြုမယ်လို့ ခြိမ်းခြောက်သလို အမျိုးသမီး သတင်းသမားတွေအပေါ် မှာလည်း စစ်တပ်အရာရှိတွေဟာ ဖမ်းဆီးထားစဉ်  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများစွာကို ကျုးလွန်ခဲ့တာဖြစ်ပါတယ်။

ဘယ်အခြေအနေမှာမဆို သတင်းသမားတစ်ယောက်ကို  သတ်ဖြတ်တာ၊ ရိုက်နှက်တာ ၊ ညှဉ်းပန်းနှိပ်စက်တာဟာ တရားဝင်တဲ့ ကျိုးကြောင်းဆီလျော်မှု မရှိကြောင်းနဲ့ ဒီကျူးလွန်မှုတွေဟာ  နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေမှာလည်း တားမြစ်ထားသလို  စစ်တပ်ဥပဒေမှာလည်း တားမြစ်ထားကြောင်း စစ်အာဏာသိမ်းချိန်ကစပြီး  သတင်းသမားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ  စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း FEM  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်တပ်ထိန်းချုပ်တဲ့  ရဲနဲ့ တရားရုံးတွေမှာ စုံစမ်းစစ်ဆေးတာနဲ့ ကျုးလွန်သူတွေကို အပြစ်ပေးအရေးယူတာ ပြုလုပ်နိုင်မှာ မဟုတ်ကြောင်း၊ ကျူးလွန်ခံရသူတွေအတွက် ပြည်တွင်း တရားစီရင်ရေး ကုန်ဆုံးသွားပြီလို့ယူဆကြောင်း၊ နိုင်ငံတကာ တရားရုံးနဲ့ နိုင်ငံတကာ ယန္တရားတွေအပါအဝင် နိုင်ငံတကာရှိ တာဝန်ရှိသူအားလုံးအနေနဲ့ ကျူးလွန်သူတွေကို တာဝန်ခံစေဖို့ ဆောင်ရွက်သင့်ကြောင်းလည်း ထောက်ပြထားပါတယ်။

အလားတူ ရန်ကုန်အခြေစိုက်နိုင်ငံတကာသံရုံးတွေကလည်း “အပြည်ပြည်ဆိုင်ရာ သတင်းသမားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမှ ပြစ်ဒဏ် ကင်းလွတ်နေခြင်းကို ရပ်တန့်ရေးနေ့” အထိမ်းအမှတ် ထုတ်ပြန်ကြေညာထားပြီး အရေးကြီးတဲ့  သတင်းအချက်အလက်တွေကို ရေးသားဖော်ထုတ်နေကြတဲ့ မြန်မာနိုင်ငံက သတင်းသမားတွေအားလုံးကို အမှတ်ရ ဂုဏ်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံရှိ သတင်းသမားတွေဟာ အမှန်တရားကို ဖော်ထုတ် သတင်းရေးသား ရုံမျှနဲ့ မတရားဖမ်းဆီးခံ၊ တရားစွဲဆိုခံရတာနဲ့  အစွန်းရောက်အကြမ်းဖက်ခံရမှုတွေကို ကြုံတွေ့ နေရကာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး အနည်းဆုံး သတင်းမီဒီယာသမား ၄ ယောက်တို့ဟာ စစ်အာဏာရှင်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ကျူးလွန်သူတွေက ပြစ်ဒဏ်မှလွတ်မြောက်နေဆဲဖြစ်တယ်လို့ ယူကေသံရုံးက ထုတ်ပြန်ပါတယ်။

ယူကေအစိုးရအနေနဲ့  မီဒီယာလွတ်လပ်ခွင့်ကို ချိုးဖောက်မှုမှန်သမျှကို ရှုတ်ချပြီး မီဒီယာလွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်တာ၊ ကန့်သတ်တာတွေကို အရေးယူဆောင်ရွက်သွားဖို့နဲ့ မြန်မာနဲ့ ကမ္ဘာတစ်ဝန်းရှိ သတင်းသမားတွေ၊လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေရဲ့  ဘေးကင်းလုံခြုံစေရေးအတွက် အရေးပေါ် အကာအကွယ်ပေးရေး ဝန်ဆောင်မှုတွေကို ယူကေအစိုးရက ဆက်လက်ပံ့ပိုးပေးနေတယ်လို့ ဆိုပါတယ်။

အလားတူ နော်ဝေသံရုံးကလည်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကာကွယ်မြှင့်တင်ရေးမှာ သတင်းသမားတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို  ဂုဏ်ပြုကြောင်း ထုတ်ပြန်ပါတယ်။ 

မြန်မာနိုင်ငံမှာ သတင်းထောက်အများစုဟာ ဖမ်းဆီးနှိပ်စက်ခံရမှာကို စိုးရိမ်ရလို့ တိုင်းပြည်မှ ထွက်ခွာရပြီး  သတင်းထောက်တချို့ဟာ သတင်းအချက်အလက်တွေကို အများသူငှာ သိရှိစေဖို့ ဆောင်ရွက်ရုံမျှနဲ့ အသတ်ခံရပြီး တချို့မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်၊ နိုင်ငံသားတိုင်းအတွက် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ သတင်း အချက်အလက် သိရှိခွင့်ကို အာမခံဖို့ သတင်းသမားတွေအပေါ်  ကျူးလွန်တဲ့ ပြစ်မှုတွေကို မျက်ကွယ်ပြုနေတာကို အဆုံးသတ်ဖို့ အရေးကြီးတယ်လို့ နော်ဝေသံရုံးက ဆိုပါတယ်။

အမေရိကန်ခြေစိုက် သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ)က ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာတဝန်းက သတ်ဖြတ်ခံရတဲ့ သတင်းသမားတွေရဲ့ အမှုတွေကို စာရင်းပြုစုထားတဲ့  ကမ္ဘာလုံးဆိုင်ရာ အရေးယူမှုကနေကင်းလွတ်ခွင့်ရနေတဲ့ညွှန်းကိန်းအစီရင်ခံစာ Global Impunity Index မှာ အခုနှစ်မှာ မြန်မာနိုင်ငံကို  ထည့်သွင်း ဖော်ပြလာပါတယ်။ 

နိုင်ငံအတွင်း သတင်းသမားတွေနဲ့ မီဒီယာတွေအပေါ် ဖိနှိပ်မှုတွေရှိနေပေမဲ့  အရေးယူခံရမှုကနေ ကင်းလွတ်နေတဲ့ ကမ္ဘာ့နိုင်ငံတွေစာရင်းမှာ မြန်မာနိုင်ငံလည်း ပထမဆုံးအကြိမ် ပါဝင်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း အကျဉ်းထောင်တွေမှာ သတင်းသမား အယောက်  ၅၀  လောက် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပြီး  သတင်းမီဒီယာသမား ၂၂ ယောက်   မတရားသဖြင့် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ 

Photo-FEM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013