DVB Logo
Home
မြန်မာသတင်း
အကျင့်ပျက်ခြစားမှု မြန်မာ့စီးပွားရေးအတွက် စိန်ခေါ်မှုဖြစ်ဟု ကုလပြော
DVB
·
May 8, 2014
အကျင့်ပျက်ခြစားမှု မြန်မာ့စီးပွားရေးအတွက် စိန်ခေါ်မှုဖြစ်ဟု ကုလပြော
Donate to DVB

မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေအတွက် စိုးရိမ်စရာ အကောင်းဆုံး အခက်အခဲနဲ့ စိန်ခေါ်မှုဟာ အကျင့်ပျက်ခြစားမှု ဖြစ်တယ်လို့ ၂၀၁၄ ခုနှစ် မြန်မာ့စီးပွားရေးစစ်တမ်းမှာ ဖော်ပြထားပါတယ်။

စာမျက်နှာ ၁၈ မျက်နှာရှိတဲ့ မြန်မာနိုင်ငံက လက်ရှိ စီးပွားရေးလုပ်ငန်းတွေကို အပြည့်အ၀ နားလည်ဖို့နဲ့ မြန်မာ့အခြေအနေကို နားလည်ဖို့ ကုလသမဂ္ဂ အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ယူအန်အီးအက်စ်စီအေပီ)၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (အိုအီးဒီစီ)၊ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်)တို့ ပထမဆုံး နိုင်ငံတ၀န်း ကောက်ယူထားတဲ့ ဒီစစ်တမ်းမှာ အခုလို ထောက်ပြထားတာ ဖြစ်ပါတယ်။

Myanmar Business Survey 2014စီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အဓိကကျတဲ့ အခက်အခဲ ၃၄ ခုအထဲကနေ ရွေးချယ်ကြရာမှာ အကျင့်ပျက်ခြစားမှုက အဆိုးဝါးဆုံး အခက်အခဲ ဖြစ်တယ်ဆိုတာကို သတ်မှတ်ခဲ့တယ်လို့ ဒီစစ်တမ်းက ရေးပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ရတဲ့ အမျိုးမျိုးသော စီးပွားရေး လုပ်ငန်းကိစ္စတွေမှာ အကျင့်ပျက်ခြစားမှုတွေ ရှိနေပေမယ့် စီးပွားရေး လုပ်ငန်းအတွက် လိုင်စင်၊ လုပ်ကိုင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ရဖို့အတွက် လူမသိသူမသိ ပေးရတဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ မေးခွန်းကို ဒီစစ်တမ်းက အထူးအလေးထား မေးမြန်းစုံစမ်းထားတယ်လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်း တ၀က်လောက်က မှတ်ပုံတင် လိုင်စင်နဲ့ လုပ်ပိုင်ခွင့်အတွက် ကျပ်ငွေ ၅ သိန်း၊ ဒေါ်လာ ၅၀၀ နီးပါး ပိုပေးရသလို တချို့ စီးပွားရေးလုပ်ငန်းတွေက မြန်မာ ကျပ်ငွေ ၁၀ သန်း နီးပါး ပေးရတယ်လို့လည်း စစ်တမ်းက ရေးပါတယ်။

အကျင့်ပျက် ခြစားမှုပြီးရင် တခြားအရေးကြီးတဲ့ အတားအဆီးတွေကတော့ ကျွမ်းကျင် လုပ်သားခန့်ထားနိုင်မှုနဲ့ နည်းပညာတို့ ဖြစ်သလို စက်ရုံ၊ ရုံးနဲ့ မြေနေရာရရှိတို့ကလည်း အရေးကြီးတဲ့ အခက်အခဲတွေဖြစ်တယ်လို့ ဒီစာတမ်းက ရေးပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့အကျင့်ပျက် ခြစားမှု အဆိုးရွားဆုံး အဆင့် ၁၈၂ ကို ရောက်နေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးရရှိမှုကလည်း အကျင့်ပျက်ခြစားမှု၊ ကျွမ်းကျင်မှုနဲ့ ငွေကြေးဆိုင်ရာ ကိစ္စတွေအပြီး နောက်က အခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။

ဆန်းသစ်ပြောင်းလဲ တီထွင်မှုက အရေးကြီးတယ်လို့ စီးပွားရေးလုပ်ငန်းတွေက စဉ်းစားကြပေမယ့်လည်း တ၀က်လောက်ပဲ ဒီအတွက် ငွေနည်းနည်းသုံးတယ်လို့ စစ်တမ်းမှာ ရေးပါတယ်။

ကုမ္ပဏီ ၁၅ ရာခိုင်နှုန်းလောက်က နိုင်ငံက သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်ပြီးရင် နှစ်ပတ်လည်ခွင့် မပေးဘူးလို့လည်း ပါရှိပါတယ်။

မြန်မာမှာ အမျိုးသမီးတွေ စီးပွားရေးလုပ်ငန်း လုပ်တာဟာ အမျိုးသားတွေထက် ပိုခက်တယ်ဆိုတာကို စီးပွားရေးလုပ်ငန်း တ၀က်ခန့်က လက်မခံသလို အမျိုးသားနဲ့ အမျိုးသမီး လစာ ကွာဟချက်ဟာ မရှိတော့ဘူးလို့လည်း ဆိုပါတယ်။

ယူအမ်အက်ဖ်စီစီအိုင်ရဲ့ အတွင်းရေးမှူး ဦးအောင်ခင်မြင့်ကတော့ ဒီရလာတဲ့ စာတမ်းနဲ့ ပတ်သက်ပြီး နောင်မှာ အစိုးရက တောင်းဆိုလာတဲ့အချိန်မှာ မှန်ကန်တဲ့ သွင်းအားစု ကောင်းမွန်တဲ့ အတွေးအခေါ်တွေ ထောက်ပံ့နိုင်လိမ့်မယ်ထင်တဲ့အတွက် အခုလို စစ်တမ်းကို လုပ်ဆောင်ရတာလို့ ပြောပါတယ်။

“ကျနော်တို့အနေနဲ့က နိုင်ငံတော် အစိုးရကို အခုနောက်ပိုင်း ဘာပဲဖြစ်ဖြစ် ပြန်ပြန်မေးတယ်။ ဘာကိစ္စပဲ လုပ်တော့မယ်ဖြစ်ဖြစ် ယူအမ်အက်ဖ်စီစီအိုင်ရဲ့ သဘောထားပေးပါ။ ယူအမ်အက်ဖ်စီစီအိုင်ရဲ့ သဘောထားမှတ်ချက်ကို ပေးပါ။ ကျနော်တို့ရဲ့ သဘောထားမှတ်ချက်ကို အမြဲတမ်းတောင်းတဲ့ အခါကျတော့ အဲဒီလို အခါမျိုးမှာ သူတို့လိုချင်တဲ့ သဘောထား မှတ်ချက်လေးတွေကို ကျနော်တို့ ပြန်ပေးနိုင်မယ်ထင်တာပဲ။ ဥပမာ အားဖြင့် SME ပေါ်လစီပေါ့ဗျာ၊ အဲဒါတွေက အခုထက်ထိ ဆွေးနွေးလို့ မပြီးသေးဘူး။ SME Law ဆိုရင် ပြင်ရင်း ပြင်ရင်းနဲ့ အခုထက်ထိ ထွက်မလာသေးဘူး။ ထွက်တော့လည်း ထွက်တော့မှာပေါ့။ အဲဒီလို ဟာမျိုးတွေမှာဖြစ်ဖြစ် နောက်ထပ်ဘာပဲဖြစ်ဖြစ် နိုင်ငံတော်ကတခုခု လုပ်မယ်ဆိုရင် ကျနော်တို့ကို မေးတဲ့အခါမှာ ကျနော်တို့က သူတို့ကို စီးပွားရေးနဲ့ ပတ်သက်တဲ့ မှန်ကန်တဲ့ သွင်းအားစု၊ မှန်ကန်တဲ့ အတွေးအခေါ်၊ မှန်ကန်တဲ့ သုံးသပ်ချက်လေးတွေ ပြန်ပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျ။ အဲဒါကြောင့် ဒီစာအုပ်ကို ထုတ်လိုက်တာပါ။”

ကနဦး သုတေသနစာတမ်းကို ဖြန့်ချိတာဖြစ်ပြီး နောက်ထပ် အသေးစိတ်ရေးဆွဲထားတဲ့ စာအုပ်တအုပ် ထပ်မံ ထွက်လာဦးမယ်လို့လည်း သူက ပြောပါတယ်။

ဒီ စစ်တမ်းကို ပြည်နယ်နဲ့ တိုင်း ၁၄ ခုက စိုက်ပျိုးရေး၊ ထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ ဟိုတယ်နဲ့ စားသောက်ကုန်၊ တူးဖော်ရေးလုပ်ငန်းနဲ့ တခြားလုပ်ငန်းပေါင်း ၃၀၀၀ ကျော် ဆီကနေ ကောက်ခံခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013