DVB Logo
Home
မြန်မာသတင်း
ကေအိုင်အိုနှင့်အစိုးရ မေ ၁၃ ရက်နေ့ ဆွေးနွေးမည်
DVB
·
May 7, 2014
ကေအိုင်အိုနှင့်အစိုးရ မေ ၁၃ ရက်နေ့ ဆွေးနွေးမည်
Donate to DVB

အစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ကိစ္စကို ဆွေးနွေးအဖြေရှာဖို့ နှစ်ဘက်တာဝန်ရှိသူတွေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်မှာ မကြာခင် တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

[caption id="attachment_56132" align="alignright" width="300"]ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ကေအိုင်အိုနှင့်အစိုးရ ဆွေးနွေးစဉ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ကေအိုင်အိုနှင့်အစိုးရ ဆွေးနွေးစဉ်[/caption]

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့တို့ လာမယ့် မေ ၁၃ ရက်ကျရင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ လုပ်ငန်းအဖွဲ့ ဒုဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

“ကျနော်တို့ ဒီလ ၁၃ ရက်နေ့ မြစ်ကြီးနား မှာ ကေအိုင်အေ အဖွဲ့နဲ့ ဆွေးနွေးပွဲ ရှိပါ တယ်။ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကေအိုင်အေ ဆွေးနွေးပွဲလုပ်မှာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ပဋိပက္ခတွေ ဖြေလျှော့ရေးကိုပဲ အဓိက ဆွေးနွေးသွားမှာပါ။ ”

အစိုးရတပ်နဲ့ ကေအိုင်အေတပ်အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အပေါ်  ကေအိုင်အိုဘက်က မေ ၁၀ ရက်နေ့မှာ ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပြီးနောက် ရက်အတိအကျ သတ်မှတ်ခဲ့တာ ဖြစ်ပြီး  ၆ လအတွင်း ပထမဆုံးအကြိမ် ထပ်တွေ့ကြမှာ ဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေဟာ  နယ်မြေ သတ်မှတ်နိုင်မှု မရှိသေးတဲ့အပေါ် တဖက်နဲ့ တဖက် ယုံကြည်မှု တည်ဆောက်တာ အားနည်းတဲ့အတွက် ဖြစ်တယ်လို့ ထင်မြင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ သင်္ကြန်တွင်းလောက်က ဖြစ်ခဲ့တာပါ။ သင်္ကြန်တွင်းလောက်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း ကောက်တဲ့အခါကျတော့ ဗန်းမော်ဒေသမှာ စာရင်းကောက်ပါတယ်။ အဲလိုကောက်တဲ့အခါမှာ တိုက်ပွဲအချို့ဖြစ်ခဲ့တာ ရှိတယ်။ ဒါကလည်း ဒီအချိန်ကာလမှာ သူ့နယ်၊ ကိုယ့်နယ် စည်းသတ်မှတ်ချင်းမရှိတဲ့အတွက် သူကလည်း ကိုယ့်နယ်မြေ၊ သူ့နယ်မြေဆိုတဲ့သဘောမျိုးနဲ့ ဒါမျိုးဖြစ်တယ်လို့ ကျနော်တွက်ပါတယ်။ ဒါတွေက ယုံကြည်မှု တည်ဆောက်မှု အားနည်းလို့ ဖြစ်တယ်လို့ပဲ ကျနော် ပြောရမှာ ဖြစ်ပါတယ်။”

လာမယ့် မြစ်ကြီးနားဆွေးနွေးပွဲမှာ လေ့လာသူတွေအဖြစ်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယား၊ တရုတ်သံတမန် ၀မ်ရင်ဖန်း၊ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(ယူအန်အက်ဖ်စီ) ခေါင်းဆောင်တွေနဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)တို့ကို လေ့လာသူအဖြစ် ဖိတ်ကြား သွားမယ်လို့လည်း ကေအိုင်အိုက  ပြောထားပါတယ်။

ကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်တွေဟာ မနှစ် အောက်တိုဘာလ မြစ်ကြီးနားမြို့ တွေ့ဆုံပွဲတုန်းက  တိုက်ခိုက်ပစ်ခတ်မှု ဆက်မဖြစ်အောင် ဆက်လက်ညှိနှိုင်းဖို့၊ ထိတွေ့ရင်ဆိုင်မှုတွေ  ချုပ်ငြိမ်းရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းဖို့။  နယ်မြေ စွန့်ခွာရွှေ့ပြောင်းနေထိုင်တွေ ပြန်လည်နေရာချရေး  စီမံချက် ပူးတွဲရေးဆွဲဖို့၊ ကချင်ပြည်နယ်ထဲက အရေးပါတဲ့ ဆက်သွယ်ရေးလမ်းတွေကို နှစ်ဘက်ညှိနှိုင်းပြီး အမြန် ပြန်ဖွင့်လှစ်သွားဖို့ သဘောတူခဲ့ကြပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013