DVB Logo
Home
မြန်မာသတင်း
အမျိုးစောင့်ဥပဒေကို အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ခန့် အပြင်းအထန် ကန့်ကွက်
DVB
·
May 6, 2014
အမျိုးစောင့်ဥပဒေကို  အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ခန့် အပြင်းအထန် ကန့်ကွက်
Donate to DVB

နိုင်ငံတော်သမ္မတရဲ့  အမျိုးစောင့်ဥပဒေရေးဆွဲရေး ကြိုးပမ်းချက်ဟာ အမျိုးသမီးတွေ အပေါ်မှာ ကန့်သတ်ချုပ်ချယ်တဲ့အပြင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ထိခိုက်တဲ့အတွက်   အမျိုးသမီးအဖွဲ့အစည်းတွေနဲ့  အရပ်ဘက်လူ့အဖွဲ့အစည်းပေါင်း ၁၀၀ လောက်က  အပြင်းအထန် ကန့်ကွက်လိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းက  ရဟန်းရှင်လူနဲ့ ပြည်သူတို့ရဲ့  တောင်းဆိုချက်အရဆိုပြီး သမ္မတ ဦးသိန်းစိန်က  အမျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီကို  ပြီးခဲ့တဲ့မတ်လက  ဖွဲ့စည်းကာ အမျိုးစောင့်ဥပဒေတရပ် ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီလို သမ္မတရဲ့ အမျိုးစောင့်ဥပဒေရေးဆွဲရေးကြိုးပမ်းမှုနဲ့ ကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်မှုကို မြန်မာနိုင်ငံတ၀န်းက  အမျိုးသမီးအရေး၊ တိုင်းရင်းသားအရေး၊ ကျောင်းသားလူငယ်အရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အရပ်ဖက် အဖွဲ့အစည်းပေါင်း ၉၇ ဖွဲ့က  ပူးပေါင်းပြီး အပြင်းအထန် ကန့်ကွက်ကြောင်း ကြေညာလိုက်တာ လိုက်ပါတယ်။

အမျိုးသမီးအရေး လှုပ်ရှားသူ  ဒေါ်မေစပယ်ဖြူကတော့ အမျိုးစောင့်ဥဒေဟာ  အမျိုးသမီးတွေ အပေါ် ကန့်သန့်ချုပ်ချယ်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့  ပြောပါတယ်။

“အမျိုးစောင့်ဥပဒေ ရေးဆွဲဖို့ စပြင်ဆင်လာတဲ့အချိန်တုန်းက ထွက်လာတဲ့ အချက်တွေကို ကြည့်ရင် အမျိုးသမီးတွေကို အမျိုးသားတွေထက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာမှာ နိမ့်ကျပြီး အမျိုးသမီးတွေဟာ တစုံတယောက်ရဲ့ အကာကွယ်ပေးမှုကို လိုအပ်တဲ့ လူသားတွေအဖြစ် ပုံဖော်ထားတာ တွေ့ရတယ်။ ကိုးကွယ်ယုံကြည်မှုပဲဖြစ်ဖြစ်၊ လက်ထပ်ထိမ်းမြားမှုပဲဖြစ်ဖြစ်၊ သားသမီး ဘယ်နှဦး ယူမယ်မယူဘူးကပဲဖြစ်ဖြစ် အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေဟာ အမျိုးသမီးတွေကိုယ်တိုင်က ဆုံးဖြတ်ခွင့် ရရမှာဖြစ်ပါတယ်။ လူတိုင်းရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ရှင်သန်ခွင့်၊ ရွေးချယ်ခွင့်ကို တားဆီးပိတ်ပင်ရာရောက်တယ်လို့ ကျမတို့ ထင်မြင်ယူဆတဲ့အတွက် ကန့်ကွက်ရတာ ဖြစ်တယ်။ ”

သူတို့ရဲ့ ထုတ်ပြန်ချက်မှာလည်း  မျိုးစောင့်ဥပေဒရေးဆွဲရေး အပါအ၀င် ဘာသာရေးကို အခြေခံတဲ့ နိုင်ငံရေးလှုပ်ရှားမှုနဲ့   အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေး လှုံ့ဆော်မှုတွေဟာ အစွန်းရောက် အကြမ်းဖက်မှု ပဋိပက္ခများ တားဆီးကာကွယ်ရေးနဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးနဲ့  လုံးဝကိုက်ညီမှု မရှိဘူးလို့လည်း ထောက်ပြထားပါတယ်။

ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး  ဦးအောင်မျိုးမင်းကလည်း ဒီ အမျိုးစောင့်ဥပဒေဟာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာနိုင်မယ့် ဥပဒေ တွေ ဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။

“လူတိုင်းမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပါတယ်။ အဲဒီနေရာမှာ ဘာသာတရပ်ကို ပြောင်းလဲဖို့အတွက် အထူးသဖြင့် ဗုဒ္ဓဘာသာအမျိုးသမီး ယူမယ်ဆိုရင် ဘာသာကူးပြောင်းပြီးမှ ယူရမယ်ဆိုတဲ့အချက်က အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ထိခိုက်တာရှိတယ်။ ဒီလို လုပ်ဆောင်ခြင်းက အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်တယ်ဆိုတာထက် လွန်ကဲပြီး တခြားသူတွေရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ထိခိုက်တယ်ဆိုတဲ့ အချက်ကို ကျနော်ပြောလိုပါတယ်။”

ဒါ့အပြင် ခုလို အချိန်မှာ အမျိုးစောင့်ဥပဒေရေးဆွဲတာဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူလူထုကို အာရုံလွှဲမှု ဖြစ်တဲ့အကြောင်း၊  ပြည်သူအများစု လိုလားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေပြီး ဒီမိုကရေစီစနစ်ကို ကူးပြောင်းမှု အရှိန်နှောင့်နှေးစေတယ်လို့လည်း ဆိုပါတယ်။

အစိုးရအနေနဲ့ မျိုးစောင့်ဥပဒေ ရေးဆွဲရေးထက် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို တမျိုးသားလုံးအတွက် အရေးပေါ်ဦးစားပေးကိစ္စအဖြစ် အားစိုက်လုပ်ဆောင်သင့် တယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေက ပူးပေါင်း တိုက်တွန်းထားပါတယ်။

သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကတော့ ဒီဥပဒေ ရေးဆွဲတဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင်ကို မထိခိုက်စေဘဲ ရေးဆွဲဖို့ သမ္မတက ညွှန်ကြားထားတယ်လို့ ပြောပါတယ်။

    “သမ္မတကြီးရဲ့ ညွှန်ကြားချက်ထဲမှာ ပါပြီးသားပါ။ အဓိကကတော့ လက်ထပ်ထိမ်းမြားတဲ့အခါမှာ ဘယ်ဘာသာပဲဖြစ်ဖြစ် အမျိုးသမီးတွေရဲ့အခွင့်အရေး ကာကွယ်နိုင်ဖို့၊ နောက်တခါ အခြေခံဥပဒေက ပေးထားတဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ ရွေးချယ်ခွင့်တို့ဆိုတဲ့ အခွင့်အရေးတွေကို မထိခိုင်စေဘဲနဲ့ မိမိရဲ့အခွင့်အရေးကို ကာကွယ်နိုင်ဖို့အတွက် ရေးဆွဲခိုင်းတာဖြစ်တဲ့အတွက် သူတို့ပြောတာမှားပါတယ်။ သူတို့စိုးရိမ်ပူပန်မှုတွေ ရှိတယ်ဆိုရင်လည်း စိုးရိမ်တဲ့ အချက်အလက်တွေကို ဥပဒေကြမ်းရေးဆွဲနေတဲ့ ကော်မတီကိုပို့ရင် ဥပဒေကြမ်းရေးဆွဲရေးကော်မတီက ထည့်သွင်းစဉ်းစားမှာပေါ့။”

အမျိုးစောင့်ဥပဒေ ရေးဆွဲပြဋ္ဌာန်းဖို့ ကြိုးပမ်းချက်တွေဟာ  မိတ္ထီလာနဲ့ ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခအပြီးမှာ   ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အမျိုးစောင့်ဥပဒေမှာ  လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း၊ တလင်တမယားစနစ် ကျင့်သုံးရေး ဥပဒေကြမ်း၊ ဘာသာရေးကူးပြောင်းခွင့်နဲ့ လူဦးရေတိုးပွားရေး ဥပဒေကြမ်းတို့ ပါဝင်ပြီး သမ္မတက အမျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီကို မတ် ၇ ရက်ကဖွဲ့စည်း တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013