DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း ရွှေဈေးပြန်ကျ
DVB
·
October 25, 2022
မြန်မာပြည်တွင်း ရွှေဈေးပြန်ကျ
Donate to DVB

ပြည်တွင်းအကယ်ဒမီ(မီးလင်း)အခေါက်ရွှေဈေးက ပြီးခဲ့တဲ့ရက်ပိုင်းက တကျပ်သားကို ကျပ် ၂၈ သိန်းကျော်အထိ တက်ခဲ့ပေမယ့် လက်ရှိမှာတော့ တကျပ်သားကို ကျပ် ၂ သိန်းကျော် ပြန်ကျသွားတယ်လို့ ရွှေဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့(FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းထဲ ထည့်သွင်းလိုက်ကြောင်း အောက်တိုဘာ ၂၁ ရက်နေ့က ထုတ်ပြန်ကြေညာပြီးတဲ့နောက် ပြည်တွင်းအကယ်ဒမီ(မီးလင်း)အခေါက်ရွှေဈေးက တကျပ်သားကို ကျပ် ၂၈ သိန်းကျော်အထိ မြင့်တက်ခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ပြည်တွင်းအကယ်ဒမီ(မီးလင်း)အခေါက်ရွှေဈေးက တကျပ်သားကို ကျပ် ၂၆ သိန်း ၇ သောင်းနဲ့ အရောင်းအဝယ်ဖြစ်နေပြီး ဈေးပြန် ငြိမ်သွားပြီလို့ ရွှေဝယ်ရောင်းလုပ်ကိုင်သူတွေက ဆိုပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “FATF  ကနေ မြန်မာပြည်ကို အမည်ပျက်စာရင်းတင်သွင်းပြီးတဲ့နောက် ရွှေဈေးက ၂၈ သိန်း ကျော် အထိ ဖြစ်သွားခဲ့တယ်။ အဲ့ဒီ့တုန်းက တချို့စိတ်ပူတဲ့ လူတွေပေါ့ အတင်းလိုက်ဝယ်တာမျိုး ရှိခဲ့လို့လဲ ဈေးက အဲ့လို ဖြစ်သွား ခဲ့ရတာ။ ဒါကလဲ ပြောရရင် ကောက်ရိုးမီး ပါ။ ဟုပ်ကနဲ ထလောင်တယ်ဆိုပေမဲ့ မီးရဲ့ သဘောအရ အပူရှိန်တော့ ရှိခဲ့တာပေါ့။ ဒါပေမဲ့ ခဏပါပဲ။ အခုတော့ ဈေးက ပြန်ဆင်းသွားပြီး ဈေးငြိမ်သွားပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် တခြားပြဿနာ တရပ်ကလည်း အမည်မခံပဲ နောက်ကွယ်ကနေ ဝင်ကစားတဲ့ လူတန်းစား တရပ်ကြောင့် ပြည်တွင်း ရွှေဈေးကွက်ဟာ ဒီဒဏ်ကို ခံနေရပါတယ်။

လုပ်သက်ရင့်ဝယ်ရောင်းသမားတဦးက “ဈေးကွက်ထဲ ဝင်ကစားတဲ့ သူတွေက အခုခေတ်အခေါ် လက်မည်းကြီး ဆိုတဲ့သူတွေပေါ့။ သူတို့ကို ဈေးကွက်ထဲက လူတွေက မသိနိုင်ဘူး။ ဘာလို့လဲဆို အဲ့လို လူတွေက သူ ဘယ်သူဆိုတာကို ကိုယ်ထင်ပြတဲ့ သူတွေ မဟုတ်ဘူး။ ပြီးတော့ အဲ့လူတွေက သူတို့ကိုယ်တိုင် ဝင်ဝယ်တာ မဟုတ်ဘူး။ လူဆယ်ဦး လောက်ကို မျှပြီးတော့ ခိုင်းလိုက်ကြတာ။ ဥပမာ လူတဦးကို နှစ် ပိဿာနှုန်းနဲ့ လူ ဆယ်ဦးကို ဝယ်ခိုင်းလိုက်ရင် ပိဿာ ၂၀ ရှိသွားပြီ။ ဒါဆို ဈေးကွက်ထဲမှာ ဝယ်လိုအား များသွားပြီ။ အဲ့လိုမျိုးနဲ့ ဈေးကို ဆွဲတင်ပြီး ဈေးကွက်ကို ဝင်လှုပ်တာ။ ဒါကို ဝင်တားဖို့ ဆိုတာ က ဘယ်လိုမှ အဆင်မပြေဘူး။ နောက်တခါ ရွှေဈေးကို တက်စေချင်ရင် ဒေါ်လာကို သောင်းနဲ့ချီပြီး အရင်သွား ဝယ်လိုက်တယ်။ ဒေါ်လာဈေးတွေ တက်နေပြီ တက်နေပြီ ဆိုရင် ရွှေဈေးက အလိုလို တက်သွားတာပဲ။ တခါတလေ ရန်ကုန်ရွှေဈေးကို လှုပ်ချင်ရင် မန္တလေးရွှေဈေးကို အရင်ဝင်လှုပ်လိုက်ပြီး မန္တလေးမှာတက်လို့ ရန်ကုန်ကလည်း အလိုလို တက်သွားရတယ်။ မျိုးစုံပဲနော်။ ကျနော်တို့ ရွှေသမားတွေက ဈေးကွက် ခဏခဏလှုပ်တာ မကြိုက်ဘူး။ တည်တည်ငြိမ်ငြိမ်လေးနဲ့ အရောင်း အဝယ်ဖြစ်တာမျိုးပဲ လိုချင်ကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ အောက်တိုဘာ ၂၅ ရက် ထုတ်ပြန်ချက်အရ ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၆၄၅ ဒေါ်လာ ရှိပြီး ပြည်တွင်းရွှေဈေးအတွက် ရည်ညွှန်းဈေးက တကျပ်သားကို ၁၉,၃၈,၀၀၀ ကျပ် ရှိပါတယ်။ 

ဒီနှုန်းက ဗဟိုဘဏ်ရည်ညွှန်းဈေးဖြစ်တဲ့ အမေရိကန် တဒေါ်လာကို ကျပ် ၂၁၀၀ နှုန်းနဲ့ အခြေခံထားပြီး တွက်ချက်ထားတာလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အပြင်မှာအရောင်းအဝယ်ဖြစ်နေတဲ့ အမေရိကန် တဒေါ်လာကို မြန်မာငွေ ကျပ် ၃၁၀၀ နှုန်းနဲ့တွက်ရင် ဈေးကွက်မှာ ဖြစ်သင့်တဲ့ပြည်တွင်းရွှေဈေးက တကျပ်သားကို ၂၇ သိန်း ဝန်းကျင် ရှိတာ တွေ့ရပါတယ်။ 

ဒီကနေ့ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းကတော့ အကယ်ဒမီ(မီးလင်း) အခေါက်ရွှေ တကျပ်သားကို ကျပ်  ၂၆,၇၀,၀၀၀ နဲ့ အရောင်းအဝယ်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013