ရွှေပြည်သာမြို့နယ် အမှတ် ၂၇ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကို အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်းက အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဒီကနေ့ နေ့လယ် ၂ နာရီက လှော်ကား-ဝါးတစ်ရာလမ်းမှာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်။ သေနတ်သံ ဆယ်ချက်လောက်ရှိတယ်။ အုပ်ကြီးရော သူ့မိန်းမရော ရာအိမ်မှူးတွေပါ ထိတယ်။ သေတဲ့သူလည်း ရှိတယ်။ လူနာတင်ယာဥ် နှစ်စီး လာသယ်သွားတယ် ” လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို မင်္ဂလာဒုံစစ်ဆေးရုံကြီးပို့ဆောင်ခဲ့ရာ အုပ်ချုပ်ရေးမှုးရဲ့ ဇနီးဖြစ်သူ သေဆုံးပြီး အုပ်ချုပ်ရေးမှူးမှာလည်း အခြေအနေစိုးရိမ်ရတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“အုပ်ကြီးမိန်းမကတော့ သေသွားတယ်။ အုပ်ကြီးက အခြေအနေမကောင်းဘူး။ ဒဏ်ရာရတဲ့သူအချို့လည်း ရှိတယ်။”
ဒီကနေ့ မနက်ပိုင်းကလည်း ရွှေပြည်သာမြို့နယ် ၇ ရပ်ကွက် ဘုရင့်နောင်လမ်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့လို့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်တွေဟာ ၂၇ ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးနဲ့ လှော်ကား ဝါးတစ်ရာလမ်းမတလျှောက် ဆိုင်ကယ်၊ ကားတွေနဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့မှာ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၂၄ ရက်အထိ ဗုံးပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ၃၂ ကြိမ်ဖြစ်ခဲ့ပြီး ၁၉ ဦး သေဆုံးကာ ၃၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။