
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမတောင်ပေါ်မှာရှိတဲ့ လှည်းကူးကျေးရွာအုပ်ချုပ်ရေးမှူးကို အောက်တိုဘာလ ၂၄ ရက်နေ့မှာ အမည်မသိ သေနတ်သမားတချို့က သတ်ဖြတ်သွားတယ်လို့ ပေါက်ခေါင်းမြို့ခံတယောက်က ပြောပါတယ်။
“နေ့လယ် ၁၂ နာရီလောက်မှာပဲ ပေါက်ခေါင်းက စစ်ကောင်စီတပ်တွေတော့ ရိုးပေါ်ကို တက်သွားကြတာ၊ ဘယ်သူတွေက သတ်လဲဆိုတာတော့ မသိရသေးပါဘူး။ အဲဒီ လှည်းကူးရွာက ပေါက်ခေါင်းကနေ တောင်ငူဘက်အထွက် ကားလမ်းပေါ်က ကောင်းစည်ကျေးရွာ ကနေအထဲကိုနည်းနည်း ၀င်ရတယ်။ ပေါက်ခေါင်းကနေ ၁၀ မိုင်လောက်ပဲဝေးတယ်၊ သေနတ်သံတော့မကြားရဘူး၊ ဒါပေမဲ့ ရဲတွေ နဲ့ စစ်ကောင်စီတပ်တွေ အဲ့ဒိကိစ္စအတွက် ထွက်သွားကြတာ။”
ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးအုပ်စုအုပ်ချုပ်ရေးမှူးဇော်ဝင်းအား ဒီနေ့မနက် ၁၁ နာရီလောက်မှာ ပြည်ခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃၆၀၁)တပ်ခွဲ(၁)ရိုးမရာဇာအဖွဲ့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လှည်းကူးရွာအတွင်း သေနတ်နဲ့ ၁၁ ချက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ စကစ ဒေါက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေ တာဝန်မှ အမြန်ဆုံးနုတ်ထွက်ပြီး ပြည်သူတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့၊ မပါဝင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ပြည်ခရိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။