DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး အာဆီယံအရေးပေါ်ဆွေးနွေးပွဲ ဂျာကာတာတွင် ကျင်းပမည်
DVB
·
October 22, 2022
မြန်မာ့အရေး အာဆီယံအရေးပေါ်ဆွေးနွေးပွဲ ဂျာကာတာတွင် ကျင်းပမည်
Donate to DVB

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အရေးပေါ်အစည်းအဝေးတရပ်ကို  လာမယ့် သီတင်းပတ်ထဲမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေစုပေါင်းပြီး အင်ဒိုနီရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒါဟာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်းမြို့မှာ လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပမယ့် အာဆီယံခေါင်းဆောင်များ ထိပ်သီးညီလာခံမတိုင်မီ မြန်မာအရေး အဖြေတစ်ခုရှာဖို့အတွက် အရေးပေါ်စီစဉ်လိုက်တဲ့ အစည်းအဝေး ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်။

ဂျကာတာမြို့က အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး လာမယ့်အပတ် ကြာသပတေးနေ့မှာ အရေးပေါ်အစည်းအဝေးကျင်းပသွားဖို့ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကအတည်ပြုခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ အစီအစဉ်တွေကို ပြန်လည်သုံးသပ်ကြဖို့ မျှော်လင့်ထားကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက “ပိုပြီးတော့ အသေးစိတ်ကျကျ သုံးသပ်လေ့လာရမယ့် ကိစ္စတွေရှိနေတာကြောင့် အာဆီယံခေါင်းဆောင်များညီလာာခံ မတိုင်ခင်မှာ အထူးအစည်းအဝေးလုပ်ဖို့ လိုအပ်လာပါတယ်။ မြန်မာစစ်ကောင်စီကတော့ ရှိထားတဲ့ သဘောတူညီချက်တွေပေါ်မှာ စိတ်ဝင်စားမှုအရိပ်အယောင်လည်း မပြသလို၊ တည်ငြိမ်အေးချမ်းရေးအတွက် ခိုင်မာတဲ့ပြောင်းလဲမှုတွေ ဖော်ဆောင်တာလည်းမရှိဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ထုတ်ပယ်ဖို့ဆိုတာကလည်း လုပ်ငန်းစဉ်တွေများပြားပြီး မလွယ်ကူဘူးလို့ ဆိုပါတယ်။

အာဆီယံ ပဋိညာဉ်စာတမ်းရဲ့ အပိုဒ် ၇ မှာ ဖော်ပြထားတဲ့ အဖွဲ့ဝင် ၁၀ နိုင်ငံခေါင်းဆောင်တွေကို အရေးပေါ်အခြေအနေ သတ်မှတ်ခွင့်ပြုထားခြင်းဟာ ဒီအစည်းအဝေးဖြစ်လာခြင်းရဲ့ အကြောင်းရင်းဖြစ်တယ်လို့ နောက်ထပ် နိုင်ငံရေးသတင်းရစ်မြစ်တစ်ခုက ပြောပါတယ်။

လာမယ့် ကြာသပတေးနေ့ အစည်းအဝေးမှာ အာဆီယံဥက္ကဋ္ဌရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းက သဘာပတိအဖြစ်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် တိုးတက်ပြောင်းလဲရေးဆိုင်ရာ ခိုင်မာတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဆောင်ဖို့အပြင် အထူးကိုယ်စားလှယ်ရဲ့ တတိယမြောက်ခရီးစဉ်အတွက် ဆွေးနွေးညှိနှိုင်းဖို့ မြန်မာနိုင်ငံကို အဖွဲ့တစ်ဖွဲ့စေလွှတ်ပြီးပြီဖြစ်ကြောင်းနဲ့ မြန်မာဘက်က ပြန်လည်တုံ့ပြန်မှာကို စောင့်ဆိုင်းနေကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

လာမယ့်လကျင်းပမယ့် အာဆီယံခေါင်းဆောင်များညီလာခံအတွက် အာဏာသိမ်း စစ်ခေါင်ဆောင် မင်းအောင်လှိုင်ကို ဒီနှစ်မှာလည်း ပြီးခဲ့တဲ့နှစ်ကလို ဖိတ်ကြားသွားဖို့မရှိဘူးလို့သိရပါတယ်။ အဲဒါအပြင် မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ ဩဂုတ်လတွေမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွေမှာ ဖိတ်ကြားခြင်းမရှိခဲ့ပါဘူး။ 

အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အဖြေရှာရာမှာ  ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာမရှိပေမဲ့  မြန်မာအရေးအတွက်ဆောင်ရွက်ရာမှာ ဒေသတွင်းမှာရော နိုင်ငံတကာ အသိုက်အဝန်းမှာပါ  ဦးဆောင်နေဆဲဖြစ်ပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို သေဒဏ်ပေးကွပ်မျက်ပစ်တာ၊ ကလေးငယ်တွေအပါအဝင် အရပ်သားတွေသေဆုံးခဲ့ရတဲ့ လေကြောင်းကနေ စာသင်ကျောင်းကို ပစ်ခတ်တိုက်ခိုက်တာလို  မြန်မာစစ်ကောင်စီရဲ့ စဉ်ဆက်မပြတ် လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ်မှာတော့ အာဆီယံက စိတ်ပျက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ အာဆီယံအဖွဲ့ဝင်တွေနဲ့အတူ မင်းအောင်လှိုင်ပါဝင် ဆွေးနွေးသဘောတူညီခဲ့တဲ့ အကြမ်းဖက်မှုရပ်တန့်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုပေးအပ်ရေးနဲ့ အာဏာသိမ်းမှုဆန့်ကျင်တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား ဆွေးနွေးညှိနှိုင်းရေးစတဲ့ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ဟာလည်း အခုအချိန်အထိ တခုမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာမရှိသေးပါဘူး။

Ref- Bangkok Post 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013