DVB Logo
Home
မြန်မာသတင်း
လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသစ်အနီးရှိ KBZ ဘဏ်ရှေ့တွင် ဗုံးပေါက်
DVB
·
October 21, 2022
လှိုင်မြို့နယ် သီရိမင်္ဂလာဈေးသစ်အနီးရှိ KBZ ဘဏ်ရှေ့တွင် ဗုံးပေါက်
Donate to DVB

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာစျေးသစ်အနီးရှိ KBZ ဘဏ်ရှေ့မှာ အောက်တိုဘာ ၂၁ ရက် ဒီနေ့ညနေပိုင်းက ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ် ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သီရိမင်္ဂလာဈေးသစ်အနီးရှိ KBZ ဘဏ်ရှေ့မှာ ဒီကနေ့ညနေ ၃ နာရီက ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။

“ဗုံးပေါက်တော့ လန့်ပြီးမောင်းနေတဲ့ ကားတောင် ရပ်သွားတယ်။ ပိတောက်ချောင်းရဲစခန်းက ရဲတွေရော စစ်သားတွေရော ထွက်လာတယ်။ အဲဒီမှာ လမ်းပိတ်ပြီး စစ်တော့တာပဲ။ ဒဏ်ရာရတာ၊ သေတာတော့ မကြားဘူး။”

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ကားလမ်းပိတ် စစ်ဆေးမှုတချို့ ပြုလုပ်ပြီး ပေါက်ကွဲခဲ့တဲ့နေရာမှာ ဗုံးထပ်မံရှာဖွေခဲ့တယ်လို့ စျေးသည်တယောက်က ပြောပါတယ်။

“ဘုရင့်နောင်စစ်ကြောရေး ဗုံးနဲ့အပစ်ခံရပြီးကတည်းက ရဲစခန်းနဲ့ တပ်နဲ့ ချိတ်ထားတာ။ ပြီးတော့ လှိုင်က ပစ်ခတ်မှုကိစ္စတွေလည်းရှိတော့ ဖြစ်တာနဲ့ အုံနဲ့ကျင်းနဲ့ ရောက်လာတာ။”

ဒီကနေ့ ဖောက်ခွဲတိုက်ခိုက်မှုကို Generatin-Y Guerilla GY G၊ Myint Ma Kha၊ Army Representing Myanmar Society (ARMS) နဲ့ P.C-UGF မဟာမိတ်ညီနောင်တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး KBZ Pay ကနေတဆင့် ယူဂျီတွေရဲ့ ငွေလွှဲဒေတာတွေကို စည်းကမ်းမဲ့စွာ စစ်‌ေကာင်စီကို ပေးနေတဲ့အတွက်ကြောင့် သတိပေး ဖောက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လှိုင်မြို့နယ် ၁၃ ရပ်ကွက် သီရိမြိုင်မှတ်တိုင်အနီးမှာ မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်မှ ဗိုလ်ကြီးလင်မယားနဲ့ တပ်သားတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပြီးနောက် လှိုင်မြို့နယ်မှာ လုံခြုံရေးတင်းကျပ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၄ ရက်ကလည်း အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင်နဲ့ သမက်ဖြစ်သူ ဗိုလ်ကြီးရဲတေဇတို့ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ အောက်တိုဘာ ၁ ရက်မှ ၁၈ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်မှု ၂၇ ကြိမ်ဖြစ်ခဲ့ပြီး ၁၄ ယောက် သေဆုံးကာ ၃၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013