DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို သွားမည်
စိုးသူအောင်
·
April 20, 2026
Photo : Reuters
Photo : Reuters
Donate to DVB

သမ္မတ ဦးဝင်းမြင့်နဲ့ အကျဉ်းသား ၄,၀၀၀ ကျော် လွှတ်ပေးတာကို ကြိုဆိုကြောင်းနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက် နေပြည်တော်ကို လာရောက်မယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဆီဟဆတ် ဖွန်ကတ်ကယောက် ဧပြီ ၂၂ ရက်မှာ နေပြည်တော်ကို လာရောက်မယ်လို့ ဆိုပါတယ်။

စစ်တပ် ကျောထောက်နောက်ခံပြု စစ်အာဏာရှင်အစိုးရ ပေါ်ပေါက်လာတဲ့နောက်ပိုင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတခုရဲ့ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ် ဖြစ်လာဖွယ်ရှိပြီး ဒီခရီးစဉ်မှာ နှစ်နိုင်ငံ ဆက်ဆံရေးသာမက ရွေးကောက်ပွဲအပြီးကာလ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးမယ်လို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင်  သမ္မတ ဦးဝင်းမြင့်နဲ့ အကျဉ်းသား ၄,၀၀၀ ကျော် လွှတ်ငြိမ်းပေးတာကို ကြိုဆိုကြောင်းနဲ့ ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အကျိုးပြုလိမ့်မယ်လို့လည်း ဧပြီ ၂၀ ရက်မှာ ထိုင်းနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ခရီးစဉ်နဲ့ပတ်သက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက “ထိုင်းဘက်ကတော့ မြန်မာကို ပြေလည်ချင်တယ်၊ ပိုပြီးတော့ နီးနီးကပ်ကပ် လုပ်ချင်တာလည်း ပါတာပေါ့နော်။ နောက်တခုကကျတော့ ထိုင်းရဲ့အကျိုးစီးပွားပေါ့၊ အဲဒါကကျတော့ ကျနော်တို့ အာရှဟိုင်းဝေး (Asia Highway) နဲ့ နယ်စပ်ကုန်သွယ်ရေး ရှိတယ်လေနော်။ အဲဒါကလည်း သူတို့ရဲ့ အကျိုးစီးပွား ကြီးပါတယ်၊ ဒါကြောင့် သွားတာလို့ ထင်ပါတယ်ဗျ။ ထိုင်းက အများကြီးပဲ ကြားဝင်စေ့စပ်ပေးနိုင်တဲ့ အနေအထား ရှိပါတယ်နော်။ ဥပမာအားဖြင့် ထိုင်းမြေပေါ်မှာ ကျနော်တို့ နယ်စပ်က အတိုက်အခံ အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရဘက်က ကိုယ်စားလှယ်တွေ အရင်ကလည်း တွေ့ခဲ့ဖူးတယ်လေနော်။ အဲဒါမျိုးတွေအတွက် သူတို့ ဖန်တီးနိုင်တယ်၊ ကူညီနိုင်တယ်၊ ဒီလို အခွင့်အရေး ရှိပါတယ်” လို့ ပြောပါတယ်။

ဦးအောင်သူငြိမ်းကတော့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ စီးပွားရေးအရသာမက နယ်စပ်လုံခြုံရေးအရပါ တိုက်ရိုက်ထိခိုက်နေတာကြောင့် တသီးပုဂ္ဂလ လှုပ်ရှားလာတာလို့ ယူဆပါတယ်။

ဒါပေမဲ့ အာဆီယံအဖွဲ့ထဲမှာတော့ မြန်မာစစ်အာဏာရှင်အပေါ် သဘောထားကွဲလွဲမှုတွေ ရှိနေပြီး ဖိလစ်ပိုင်မှာ ထိပ်သီးဆွေးနွေးပွဲတွေ လုပ်မယ်ဆိုရင်လည်း ဖိတ်မယ်လို့ မထင်ကြောင်း သူက ပြောပါတယ်။

တဖက်မှာလည်း တော်လှန်ရေးအင်အားစုတွေဘက်က ထိုင်းနိုင်ငံရဲ့ ချဉ်းကပ်မှုကို စောင့်ကြည့်နေကြပါတယ်။

အထူးသဖြင့် စစ်တပ်က နိုင်ငံတကာတွေ့ဆုံမှုတွေကို ဝါဒဖြန့်ဖို့ အသုံးချလေ့ရှိတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးပါတယ်။

“သွားရောက်တွေ့ဆုံတာ တခုတည်းနဲ့တော့ ဒါ အသိအမှတ်ပြုတယ်လို့ ပြောလို့မရဘူးပေါ့ဗျာ။ ပြီးတော့ တွေ့တဲ့အခါမှာ ဘာတွေပြောခဲ့လဲ၊ ဒါတွေလည်း အရေးကြီးမယ် ထင်ပါတယ်။ ဒါပေမဲ့လည်း ဒီစစ်တပ်ဘက်ကတော့ ဒီလိုမျိုး တွေ့ဆုံခွင့်ရတဲ့အခါတိုင်းမှာ ဒါကို နိုင်ငံရေးအရ အမြတ်ထုတ်လေ့ ရှိတယ်လေနော်။ ဓာတ်ပုံတွေ ရိုက်မယ်၊ ပြီးရင် ဒါကို နိုင်ငံတကာကိုရော၊ နောက် တခြားပြည်သူတွေကိုရော၊ ဒီဓာတ်ပုံတွေကို သုံးပြီးတော့ သူ့ကို အသိအမှတ်ပြုသယောင် ဝါဒဖြန့်ချိရေးတွေလည်း လုပ်ခဲ့တာတွေကလည်း ရှေ့မှာလည်း ခဏခဏ ကြုံခဲ့ရဖူးပြီပေါ့နော်။ မင်းအောင်လှိုင်ကို သမ္မတအဖြစ်လည်း ဘယ်သူမှ လက်ခံလို့မရဘူးပေါ့နော်။ လက်ခံမယ်ဆိုရင် ဒါဟာ Criminal တကယ်ကို ရာဇဝတ်မှုတွေ များစွာကျူးလွန်ခဲ့တဲ့ အစုအဖွဲ့ကြီးကို တရားဝင် အသိအမှတ်ပြုမယ်ဆိုရင် အဲဒီအသိအမှတ်ပြုတဲ့ နိုင်ငံတွေက ဒီဟာရဲ့ အကျိုးဆက်ကို အများကြီး ခံစားရနိုင်တယ်ပေါ့ဗျာနော်။”

အာဆီယံအဖွဲ့ထဲက လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့လို ကုန်းတွင်းပိုင်းနိုင်ငံတွေက စစ်ကောင်စီနဲ့ နီးကပ်တဲ့ဆက်ဆံရေး ရှိနေပေမဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့လို ပင်လယ်ပိုင်းနိုင်ငံတွေကတော့ မြန်မာစစ်တပ်အပေါ် သတိကြီးကြီးထားနေတုန်း ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်ဟာ မြန်မာ့အရေးအတွက် ဘယ်လို အခင်းအကျင်းမျိုးကို ယူဆောင်ပေးလာနိုင်မလဲ ဆိုတာကတော့ ဧပြီ ၂၂ ရက် တွေ့ဆုံမှုအပြီး ထွက်ပေါ်လာမဲ့ ရလဒ်တွေကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013