
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်က ဧပြီ ၂၉ ရက် ဒီနေ့မနက်ပိုင်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံ ၉ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျင်ဒွေးမြို့ မုန်းချောင်းတံတား ပတ်ဝန်းကျင်ကို စစ်တပ်က ဂျက်တိုက်လေယာဉ် တစင်းနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံတွေ သေဆုံးခဲ့တယ်လို့ ကျင်ဒွေးဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကျင်ဒွေးမြို့ကို စစ်တပ်က ဂျက်ဖိုက်တာတစီးနဲ့ ဒီနေ့မနက်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာ ရှိတယ်။ ထိခိုက်သေဆုံးမှုက များတယ်။ ကလေးတွေ အပါအဝင် ၉ ဦး သေဆုံးမှုရှိတယ်လို့ ကနဦး သိထားရတယ်။ ဒဏ်ရာပြင်းထန်သူတချို့လည်း ရှိတယ်။ အသေးစိတ် အခြေအနေတွေကိုတော့ အာဏာပိုင်တွေဘက်က ထုတ်ပြန်ဖို့ ရှိနိုင်တယ်။”
ကျင်ဒွေးမြို့ကို ချင်းညီနောင်(CB)က သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး အခုရက်ပိုင်းအတွင်းမှာ စစ်တပ်က ချင်းပြည်နယ် တောင်ပိုင်းက မြို့နယ်တွေကို စစ်ရေးအရ ဖိအားပေးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
ဧပြီ ၂၅ ရက်က ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က သိမ်းပိုက်လိုက်ပြီးနောက် ဧပြီ ၂၆ ရက်မှာ မင်းတပ်မြို့နဲ့ ၁၂ မိုင် အကွာ ဆောမြို့နယ် ကံကြီးကျေးရွာမှာ တပ်စွဲပြီး စစ်ရေးအရ ဖိအားပေးနိုင်ဖို့ စစ်တပ်က ကြိုးပမ်းလာနေတာဖြစ်ပါတယ်။
ဧပြီ ၂၈ ရက် ညနေပိုင်းကလည်း ဖလမ်းမြို့နယ် ခွန်လုံးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပါတယ်။










