DVB Logo
Home
Lead Story
မန်မရီ ရေအိုင်ထက်က တွန့်လိမ်နေသော တိမ်တိုက်တခု
DVB
·
October 16, 2022
မန်မရီ ရေအိုင်ထက်က တွန့်လိမ်နေသော တိမ်တိုက်တခု
Donate to DVB

(က)

ပိုလန်ကဗျာဆရာ “ရှက်စ်လောမီလော့ဇ်” ဟာ ၂၀၀၄ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။

ကဗျာဆရာ “ရှက်စ်လောမီလော့ဇ်”ရဲ့ဘဝဟာ သူနဲ့ခေတ်ပြိုင် အရှေ့ဥရောပ အိမ်နီးချင်းနိုင်ငံ တချို့က ကဗျာဆရာတွေလိုပဲ နိုင်ငံရပ်ခြားမှာ ခိုလှုံခွင့်တောင်းရတဲ့အဖြစ်၊ ကဗျာတွေ ပုံနှိပ်ခွင့် ပိတ်ပင်ခံရတဲ့ အဖြစ်တွေနဲ့ ရင်ဆိုင်ဖြတ်သန်းရတာပါပဲ။ ဒါဟာ ကဗျာဆရာတဦးအနေနဲ့ သူရဲ့ ခေတ်ပြိုင် သမိုင်းရေးအနေအထားအပေါ် တာဝန်ကျေခြင်း မကျေခြင်းဆိုတဲ့ ပေတံနဲ့ တိုင်းတဲ့အခါ တာဝန်ကျေသွားကြတဲ့ ကဗျာဆရာတိုင်း ဒီလို ခံစားနာကျင်ကြရတာချည်းပါပဲ။ ဘာပြုလို့လဲဆိုတော့ သူနဲ့ခေတ်ပြိုင် လူထုရဲ့ ဘဝဟာလည်း ခံစားနာကျင်မှုတွေနဲ့ ပြည့်နှက်နေခဲ့လို့ပဲပေါ့။

ပိုလန်နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ ဟောင်းနွမ်းဆွေးမြေ့တဲ့ စနစ်ဟောင်းကနေပြီး သစ်လွင်တဲ့ စနစ်တခုဆီ ကူးပြောင်းရာမှာ ကူးပြောင်းပုံ ကူးပြောင်းနည်းက အင်မတန် သိမ်မွေ့လေးနက်ပါတယ်။ “ကတ္တီပါတော်လှန်ရေးနည်း”ပါပဲ။ ဒါနဲ့ပတ်သက်ပြီး ပိုလန်အလုပ်သမားခေါင်းဆောင်တဦးဖြစ်တဲ့ “လက်စ်ဝယ်လ်ဆာ” ပြောတဲ့ စကားတခွန်းက ပိုလန် ခေတ်ပြောင်းတော်လှန်ရေးရဲ့ ဥပဓိရုပ်ကို ပုံဖော်သလိုပါပဲ။ သူက “ငြိမ်းချမ်းစွာ ခေတ်ပြောင်းဖို့ ကြိုးစားတဲ့နည်းဟာ အချိန်ကြာကြာ ယူကောင်းယူရပါလိမ့်မယ်၊ ဒါပေမဲ့ ဒီနည်းက အောင်မြင်မှုကို ပိုပြီးရနိုင်တယ်” လို့ ပြောခဲ့တာပါ။ သူက ပရပ်မြို့လယ်ခေါင် လမ်းတွေပေါ်က ဆန္ဒပြ ကြွေးကြော်နေကြတဲ့ ပိုလန်လူထုကို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခြင်းဟာ “အဓမ္မ” ကို မနိုင်စရာအကြောင်း မရှိဘူးလို့ အားပေးလိုက်တဲ့ သဘောပါပဲ။ “လက်စ်ဝယ်လ်ဆာ”ဟာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသူ၊ ၁၉၈၃ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရသူပါ။

ပိုလန်ကဗျာဆရာ “ရှက်စ်လောမီလော့ဇ်”လည်းပဲ ၁၉၈၁ ခုနှစ်တုန်းက စာပေနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ သူက “လက်စ်ဝယ်လ်ဆာ”ထက် ၃ နှစ်စောပြီး နိုဘယ်ဆုရခဲ့သူပါ။ ပိုလန်လူမျိုးထဲက နိုဘယ်ဆုရသူနှစ်ဦးအထိ ရှိလာခဲ့ပြီပေါ့။ အဲသလောက်အထိ ပိုလန်ပြည်ရဲ့ မျက်မှေက်ခေတ်သမိုင်းဟာ အထင်ကရ ဖြစ်ခဲ့ရပါတယ်။

“ရှက်စ်လောမီလော့ဇ်” ဟာ ဖခင် “ဝါရိုနီကာ” နဲ့ မိခင် “အလဇန္ဒာမီလော့” တို့က ၁၉၁၁ ခုနှစ်၊ ဇွန်လ ၃၀ မှာ မွေးခဲ့ပါတယ်။ လစ်သူနီးယားနိုင်ငံမှာ မွေးပါတယ်။ ဒီတုန်းက လစ်သူနီးယားဟာ ရုရှားရဲ့ လက်အောက်ခံနိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်ကြီးပြီးတော့ ဖခင်ဖြစ်သူ “ဝါရိုနီကာ” ဟာ စစ်ထဲဆွဲသွင်းခြင်းခံရပြီး ရှေ့တန်းမှာ တံတားတွေ ဆောက်ရပါတယ်။ မိသားစုတခုလုံး ၁၉၁၈ ခုနှစ်အထိ “လစ်သူနီးယား” နိုင်ငံထဲ ပြန်မသွားတော့ဘဲ နောင်အခါကြတော့ ပိုလန်နိုင်ငံရဲ့ အစိတ်အပိုင်းတခုဖြစ်လာမယ့် “ဝီနို” လို့ခေါ်တဲ့ဒေသမှာ အခြေချကြပါတယ်။ နောင်ကြတော့ ဒီနေရာကို “ဗီလ်နာ” လို့ ခေါ်လာကြပါတယ်။

“ရှက်စ်လောမီလော့ဇ်” ဟာ ၁၉၂၉ ခုနှစ်မှာ အထက်တန်းအောင်ပါတယ်။ နောက်တနှစ် ၁၉၃၀ ခုနှစ်မှာ သူ့ရဲ့ကဗျာတချို့ တက္ကသိုလ်မဂ္ဂဇင်းတခုမှာ စတင်ပုံနှိပ်ဖော်ပြခြင်း ခံရပါတယ်။ ၁၉၃၁ ခုနှစ်မှာ “ဇာဂါရီ” လို့ခေါ်တဲ့ စာပေအုပ်စုလေးတခုကို ဦးဆောင်ထူထောင်ခဲ့ပါသေးတယ်။ ၁၉၃၃ ခုနှစ်ကြတော့ သူ့ရဲ့ကဗျာပေါင်းချုပ်စာအုပ်ကို ထုတ်ဝေပါတယ်။ ၁၉၃၃ ခုနှစ်မှာ ဥပဒေဘွဲ့ ရပါတယ်။

၁၉၃၆ ခုနှစ်ကြတော့ “ဝီလ်နို” အသံလွှင့်ဌာနမှာ အသံလွှင့်အစီအစဉ်တွေ ဝင်ရေးပါတယ်။ နောင်မှာ ပိုလန်ပြည်မြို့တော် “ဝါဆော” မှာရှိတဲ့ အသံလွှင့်ဌာနမှာ အလုပ်ဝင်လုပ်ပါတယ်။ ဝါဆောမှာနေထိုင်ရင်း ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြေအောက်ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းတွေ လုပ်နေခဲ့ပါတယ်။ ဒီတုန်းက “ဝါဆော” ဟာ နာဇီတွေ ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ အချိန်ပါ။

စစ်ကြီးပြီးတော့ ပိုလန်ကွန်မြူနစ်အစိုးရက သူ့ကို ပိုလန်ရဲ့ အမေရိကန်နိုင်ငံဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်လို့ အမေရိကန်ပြည်ထောင်စု “နယူးယော့ခ်” နဲ့ “ဝါရှင်တန်” မှာ “ကောင်စစ်ဝန်” အဖြစ် နေထိုင်ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ်မှာတော့ ပိုလန် တပါတီအာဏာရှင် အစိုးရဝန်ထမ်းဘဝကို စွန့်ခွာပြီး ပြင်သစ်ပြည်ကို သွားပါတယ်။ ပါရီမြို့မှာ နိုင်ငံရေးခိုလှုံခွင့် တောင်းလိုက်ပါတယ်။ အဲဒီအချိန်ကစလို့ သူ့ကဗျာတွေဟာ ပိုလန်မှာ ပိတ်ပင်ခံရပါတော့တယ်။ အဲဒီအချိန်ကစလို့ ဆယ်စုနှစ်တခုကြာ “ပါရီ” မှာနေရင်း လွတ်လပ်တဲ့ စာရေးဆရာအဖြစ် ရပ်တည်ခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှာ “ထွက်ပေါက်မဲ့စိတ်ဝိညာဉ်” ကဗျာစာအုပ်ကို ထုတ်ဝေပါတယ်။ ၁၉၆၈ ခုနှစ်ကြတော့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ပြီး ကာလီဖိုးနီးယား ပြည်နယ်၊ ဘာကလေတက္ကသိုလ်မှာ၊ ပိုလန်စာပေကထိကအဖြစ် အလုပ်ဝင်လုပ်ပါတယ်။ နောက်ပိုင်းကြတော့ သူဟာ ဆလာဗစ်ဘာသာနဲ့ စာပေဌာန၊ ပါမောက္ခဖြစ်လာခဲ့ပြီး ၁၉၈၁ ခုနှစ်အထိ အဲဒီမှာပဲ နေထိုင်ခဲ့ပါတယ်။

“ရှက်စ်လောမီလော့ဇ်” ဟာ စာပေနိုဘယ်ဆုအပြင် တခြားစာပေဆုတွေလည်း ရခဲ့ပါတယ်။ ပိုလန် “ပန်” အဖွဲ့က ချီးမြှင့်တဲ့ ကဗျာဘာသာပြန်စာပေဆု၊ “နက်စတက် အပြည်ပြည်ဆိုင်ရာစာပေဆု” များကိုလည်း ရခဲ့ပါတယ်။သူဟာ သူ့ကဗျာတွေအားလုံးကို ပိုလန်ဘာသာနဲ့ပဲ ရေးခဲ့တာပါ။ ဒါပေမဲ့လည်း ၁၉၈၀ ခု၊ နိုဘယ်ဆုရပြီးတဲ့ အချိန်အထိ ပိုလန်ပြည်မှာတော့ ပုံနှိပ်ဖော်ပြခွင့် မရခဲ့ရှာပါဘူး။

“ရှက်စ်လောမီလော့ဇ်” ဟာ တခြား ပိုလန်ကဗျာဆရာ တော်တော်များများရဲ့ ကဗျာတွေကို အင်္ဂလိပ်လို ပြန်ဆိုခဲ့သလို အင်္ဂလိပ်ကဗျာ တော်တော်များများကိုလည်း ပိုလန်ဘာသာ ပြန်ဆိုခဲ့ပါတယ်။

ကဗျာဆရာ “ရှက်စ်လောမီလော့ဇ်” အကြောင်း စဉ်းစားတဲ့အခါ အပြောင်းအလဲတွေ မွန်းကြပ်မှုတွေ ပြည့်နေတဲ့ သူ့ဘဝကို အထင်အရှား တွေ့ရပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး နောက်ပိုင်း ပိုလန်ပြည်သူတွေရဲ့ အမျိုးသားလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ကြိုးပမ်းမှုကာလ နာကျင်ခံစားရမှုတွေဟာ “ရှက်စ်လောမီလော့ဇ်” ကို အပြင်းအထန် ရိုက်ခတ်ခဲ့ပါတယ်။ အထူးသဖြင့် သူဟာ အသက် ၇၀ နီးပါးရှိခါမှပဲ သူ့ကဗျာတွေကို ပိုလန်နိုင်ငံမှာ ပုံနှိပ်ဖော်ပြခွင့် ရခဲ့ရှာတာပါ။ ကဗျာဆရာတဦးအနေနဲ့ ဘယ်လောက်အထိ စိတ်ထိခိုက်ခဲ့ရမလဲဆိုတာ တွေးကြည့်လို့ရမှာပါ။

ပိုလန်ပြည်ဟာ တောင်ပေါ်ရေအိုင်တွေ အများကြီးရှိတဲ့ တိုင်းပြည်တခုအနေနဲ့ ကမ္ဘာမှာ ထင်ရှားပါတယ်။ အထူးသဖြင့် ဧရိယာစတုရန်းမိုင်ပေါင်း ၃၈၆ မိုင်ကျယ်တဲ့ “မန်မရီ” ရေအိုင်ကြီးဟာ အင်မတန် ကျော်ကြားလှတယ်။ ကျနော်ကတော့ ကဗျာဆရာ “ရှက်စ်လောမီလော့ဇ်” ကို “မန်မရီ” ရေအိုင်ထက်က တွန့်လိမ်နေတဲ့ တိမ်တိုက်တခုအဖြစ် တင်စားပြောဆိုလိုက်ချင်ပါတယ်။      ။

ငြိမ်းဝေ (ကဗျာ့အိုးဝေ)

မှီ​ငြမ်း။  ။ The Collected Poems ( Czeslaw Milosz )

Poland ( Land of Freedom Fighters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013