DVB Logo
Home
မြန်မာသတင်း
ကားဝယ်ရောင်းဈေးကွက်တွင် အရောင်းအဝယ် သိသိသာသာ ကျဆင်း
DVB
·
October 13, 2022
ကားဝယ်ရောင်းဈေးကွက်တွင် အရောင်းအဝယ် သိသိသာသာ ကျဆင်း
Donate to DVB

မြန်မာပြည်ကားဈေးကွက်မှာ လူကြိုက်များတဲ့ တိုယိုတာကားကုမ္ပဏီက ပြည်တွင်းမှာ SKD (Semi Knock Down) စနစ်နဲ့ လုပ်ငန်းသုံး ပစ်ကပ်အမျိုးအစား မော်တော်ယာဉ်တွေ ထုတ်လုပ်ရောင်းချမယ်လို့ တရားဝင် သတင်းထုတ်ပြန်လာပြီးနောက် ရန်ကုန်ကားဈေးကွက်မှာ အရောင်းအဝယ်က အရင်ကထက် သိသိသာသာ ကျသွားတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ဂျပန်အခြေစိုက် Nikkei Asian သတင်းစာရဲ့ အောက်တိုဘာ ၁၂ ရက်က ဖော်ပြချက်အရ တိုယိုတာကားကုမ္ပဏီဟာ ရန်ကုန်တိုင်း သန်လျင်မြို့နယ်က သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံမှာ ကားထုတ်လုပ်မှုလုပ်ငန်းကို စတင်နေပြီလို့ ဆိုပါတယ်။

တိုယိုတာလုပ်ငန်းစုဟာ မြန်မာနိုင်ငံမှာ ကားထုတ်လုပ်မှုနဲ့ပတ်သက်ပြီး လုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းက သူတို့ရဲ့ လုပ်ငန်းဆိုင်ရာစီမံချက်ကို သီလဝါအထူးစီးပွားရေးဇုန် အာဏာပိုင်တွေဆီ တင်ပြခဲ့ပါတယ်။

Nikkei Asain သတင်းစာရဲ့ သတင်းရင်းမြစ်တွေ အဆိုအရ လုပ်ငန်းသုံး ပစ်ကပ်အမျိုးအစား မော်တော်ယာဉ်တွေ တပ်ဆပ်ထုတ်လုပ်တဲ့လုပ်ငန်းကို စက်တင်ဘာလကတည်းက အသေးစား စတင်ခဲ့ပြီး လစဉ် ပျမ်းမျှ ဒါဇင်ခန့် ထုတ်လုပ်နိုင်မယ်လို့လည်း မျှော်မှန်းထားပါတယ်။ ဒီ့အတွက် အမှာစာတွေကို စတင်လက်ခံနေပြီလို့ ဆိုပါတယ်။

တိုယိုတာကားကုမ္ပဏီက မြန်မာပြည်မှာ SKD စနစ်နဲ့ လာရောက်တပ်ဆင် ထုတ်လုပ်မယ်လို့ သတင်းထွက်လာပြီးတဲ့နောက် ရန်ကုန်ကားဈေးကွက်မှာ အရောင်းအဝယ်က အရင်ကထက် သိသိသာသာ ကျဆင်းမှုရှိလာတယ်လို့ ကားဝယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။

“အရောင်းအဝယ်က တအားပါးသွားတယ်။ မရှိဘူးတော့မဟုတ်ဘူး၊ ရှိတယ်၊ တအားနည်းတယ်။ အရင်ကဆိုရင် ကျနော်တို့ဝိုင်းထဲမှာ တရက်ကို ၁၀ စီးလောက်ဖြစ်ရင် အခုတော့ ၁ စီးတောင် ဖြစ်ဖို့မလွယ်ဘူး။ ဘာလို့လဲဆို ဝယ်မယ့်သူကလည်း အခုချိန်က စောင့်ကြည့်နေတဲ့ကာလ ဖြစ်နေလို့လေ။ ဈေးကျမလား ဆိုပြီးတော့ပေါ့။ ဒီတော့ အခုက အဝယ်နည်းသွားတယ်။ မဖြစ်မနေ ဝယ်ရမယ့်သူလောက်ပဲ ဝယ်တော့တယ်။ တော်ရုံဆိုရင် မစဉ်းစားတော့ဘူး။ အော် ခနစောင့်လိုက်လို့ ဈေးက ထပ်ဆင်းသွားလို့ရှိရင် ပိုသက်သာတာပေါ့ ဆိုပြီး နေကြတာပေါ့။ ဒါက အဝယ်ဘက်က စဉ်းစားထားကြတာ။ အရောင်းဘက်ကတော့ လက်ထဲမှာ ကားကို ကြာကြာမကိုင်ထားနိုင်တဲ့သူဆိုရင် ပေါက်ဈေးထက်ကို သိန်း ၃၀ နဲ့ ၄၀ ကြား ချရောင်းသွားတာမျိုးရှိတယ်။ အဲ့ဒါကို ဝယ်တဲ့သူက တကယ်သုံးမယ့်သူက ဝယ်တာမဟုတ်ဘူးနော်။ ပိုက်ဆံတတ်နိုင်တဲ့ ဝယ်ရောင်းသမားကပဲ ပြန်ဝယ်တာ။ ဥပမာ ဟွန်ဒါ Fit ပေါ့။ ဈေးကွက်မှာ သိန်း ၃၂၀ ခေါ်ထားပေမဲ့ တကယ်အရောင်းအဝယ်ဖြစ်တဲ့ ဈေးက သိန်း ၃၀၀ ရှိတဲ့ကားနော်။ အဲ့ကားကို ၂၆၅ သိန်းနဲ့ ချရောင်းနေတာ။”

တိုယိုတာကုမ္ပဏီဘက်က ထုတ်လုပ်ရောင်းချမယ့် ယာဉ်အတွက် ကားတန်ဖိုးကို လက်ရှိအချိန်အထိ တရားဝင် ထုတ်ပြန်ကြေညာလာခြင်း မရှိသေးပေမဲ့ ဒီသက်ရောက်မှုက ရန်ကုန်ကားဝယ်ရောင်းဈေးကွက်အတွင်းမှာရှိတဲ့ ကားဈေးတွေအပေါ် အနည်းနဲ့အများ သက်ရောက်မှုက ရှိလာမယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ခန့်မှန်းထားပါတယ်။

“ကျနော်တို့က ခန့်မှန်းတာက ယိုးဒယားကဈေးကို အခြေခံပြီး ခန့်မှန်းထားတာ။ ယိုးဒယားမှာ တစီးကို ဒေါ်လာ ၅ သောင်းနဲ့ရောင်းတဲ့ အဲ့ဒီ့ဈေးကို ဒေါ်လာလဲလှယ်နှုန်း ၃,၀၀၀ နဲ့ တွက်လိုက်တာ သိန်း ၁,၅၀၀ လောက်ကျမယ်။ အဲ့ထဲမှာ အခွန်တို့ ဘာတို့ ထပ်ပေါင်းလိုက်ရင် ဈေးက အနည်းဆုံး သိန်း ၁,၅၀၀ နဲ့ ၁,၇၀၀ ကြားထဲမှာ ရှိမယ်ပေါ့။ အဲ့တော့  အမြင့်ကားအုပ်စု စာရင်းထဲမှာပါတဲ့ Vanguard၊ Fortuner၊ Cross၊ Rush စသဖြင့် အဲ့ကောင်တွေက အနည်းနဲ့အများတော့ သက်ရောက်မှု ရှိလာနိုင်တယ်။ မြန်မာပြည်မှာ အမြင့်ကားသုံးတဲ့သူကတော့ နည်းပါတယ်။ အများစုက အောက်ကားလေးတွေပဲ သုံးကြတာပါ။ ဒါပေမဲ့ ဘာပဲပြောပြော အပေါ်ကားဈေးကွက်ထိရင် အောက်ကားဈေးကွက်ကိုလည်း သက်ရောက်မှု အနည်းနဲ့အများ ရှိလာမှာပဲ။”

တိုယိုတာကားကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ SKD စနစ်နဲ့ မော်တော်ယာဉ် အစိတ်အပိုင်း တပ်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက စတင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပေမဲ့ စစ်အာဏာသိမ်းမှုနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် အချိန် ၁၉ လကြာပြီးမှ မော်တော်ယာဉ် အစိတ်အပိုင်း တပ်ဆင်ထုတ်လုပ်တဲ့လုပ်ငန်းကို စတင်နိုင်ခဲ့တယ်လို့ Nikkei Asain သတင်းစာမှာ ဖော်ပြထားပါတယ်။

အဆိုပါကားကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရ တနှစ်ကို လုပ်ငန်းသုံး ပစ်ကပ်အမျိုးအစား ကားအစီးရေ ၂,၅၀၀ ထုတ်လုပ်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013