DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့ရောင်းချမှု ချက်ချင်းရပ်တန့်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် တောင်းဆို
DVB
·
October 13, 2022
မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့ရောင်းချမှု ချက်ချင်းရပ်တန့်ရန်  သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂတွင် တောင်းဆို
1 / 2
Donate to DVB

မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချပေးနေတဲ့  နိုင်ငံတွေအနေနဲ့ လက်နက်တင်ပို့ရောင်းချမှုတွေကို  ချက်ချင်းရပ်တန့်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၁၁ ရက်က နယူးယောက်မြို့မှာကျင်းပတဲ့  (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၊  လက်နက်ဖျက်သိမ်းရေးနဲ့ နိုင်ငံတကာလုံခြုံရေးကော်မတီရဲ့ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားရာမှာ မြန်မာသံအမတ်ကြီးက တောင်းဆိုလိုက်တာပါ။

မြန်မာပြည်သူတွေနဲ့  နိုင်ငံတကာအသိုက်အဝန်းရဲ့ တောင်းဆိုမှုတွေကို မသိကျိုးကျွန်ပြုပြီး မြန်မာနိုင်ငံရှိ တရားမဝင်အာဏာသိမ်းစစ်တပ်ထံသို့ စစ်လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချတဲ့ နိုင်ငံတွေရှိနေကြောင်း၊  အဆိုပါလက်နက်တွေကို အသုံးပြုပြီး စစ်တပ်ဟာ အပြစ်မဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေကြောင်း သံအမတ်ကြီးက ပြောပါတယ်။

စက်တင်ဘာလ ၁၆ ရက်က  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ကျေးရွာရှိ စာသင်ကျောင်းကို စစ်တပ်က ရဟတ်ယာဉ်အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့စွာ ပညာသင်ကြားနေတဲ့ ကလေးငယ်  ၇ ယောက်အပါအဝင် အနည်းဆုံး လူ ၁၃ ယောက်  သေဆုံးခဲ့ရကြောင်း၊မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာဟာ မြန်မာစစ်တပ်သို့ လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချနေမှုကို ရပ်တန့်နိုင်ရေး တိကျပြတ်သားစွာဆုံးဖြတ်နိုင်မှုအပေါ် များစွာ မူတည်နေပါကြောင်းလည်း သံအမတ်ကြီးက ပြောသွားပါတယ်။

စစ်တပ်အနေနဲ့ လက်နက်တွေ ဆက်လက်ရရှိနေပါက အပြစ်မဲ့ပြည်သူတွေနဲ့ ကလေးငယ်တွေအပေါ် လူမဆန်တဲ့ ရက်စက်မှုတွေ ဆက်လက်ကျူးလွန်နေမှာဖြစ်ပြီး ရောင်းချတင်သွင်းပေးပို့တဲ့ နိုင်ငံတွေအနေနဲ့လည်း  အပြစ်မဲ့မြန်မာပြည်သူတွေအပေါ် ကျူးလွန်တဲ့ စစ်တပ်ရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေမှာ  ပူးတွဲပါဝင်နေမယ်လို့  သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့  “Nuclear Disarmament” နယူးကလီးယားလက်နက် ဖျက်သိမ်းရေး ခေါင်းစဉ်နဲ့ နှစ်စဉ်တင်သွင်းတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အခုနှစ်မှာလည်း ဆက်လက်တင်သွင်းသွားမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ဓာတုလက်နက် အသုံးပြုမှု အလုံးစုံကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး အသုံးပြုသူတွေကို အရေးယူဖို့လည်း သံအမတ်ကြီးက တိုက်တွန်းပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်က ကုလသမဂ္ဂဌာနချုပ်မှာကျင်းပတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဆိုင်ရာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းတစ်ရပ် ထွက်ပေါ်လာရေးဆိုင်ရာ အစည်းအဝေးမှာလည်း မြန်မာအသံအမတ်ကြီး ဦးကျော်မိုးထွန်းက ICJ နဲ့ ICC  တရားရုံးတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပေးဖို့နဲ့ နစ်နာသူတွေအတွက် တရားမျှတမှုဖော်ဆောင်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

ပြည်သူလူထုအပေါ် နေ့စဉ် အကြမ်းဖက်သတ်ဖြတ်နေတဲ့  မြန်မာစစ်အာဏာရှင်ကို တရုတ်၊ ရုရှားနဲ့ ဘယ်လာရုစ် စတဲ့နိုင်ငံတွေက စစ်လက်နက်ရောင်းချပေးနေတာဖြစ်ပါတယ်။ 

မြန်မာစစ်အာဏာရှင်ကို နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအကူအညီတွေပေးနေတဲ့ ရုရှားနဲ့ တရုတ် နိုင်ငံတွေကို ရှုတ်ချတာပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို  ဥရောပပါလီမန်က မကြာသေးခင်ရက်ပိုင်းကပဲ ချမှတ်ခဲ့သလို  မြန်မာစစ်တပ်အတွက် လက်နက်တွေ ဝယ်ပေးနေတဲ့ စီးပွားရေးသမား လက်နက်ပွဲစား  ၃ ယောက်နဲ့ ကုမ္ပဏီတခုကို အမေရိကန်အစိုးရကလည်း ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၃၄၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၈၃၁ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

Photo Credit -Permanent Mission Myanmar

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013