DVB Logo
Home
မြန်မာသတင်း
တိုယိုတာကားကုမ္ပဏီက သီလဝါအထူးစီးပွားရေးဇုန်တွင် ကားထုတ်လုပ်မှုလုပ်ငန်းများ စတင်
DVB
·
October 12, 2022
တိုယိုတာကားကုမ္ပဏီက သီလဝါအထူးစီးပွားရေးဇုန်တွင် ကားထုတ်လုပ်မှုလုပ်ငန်းများ စတင်
Donate to DVB

ဂျပန်နိုင်ငံအခြေစိုက် တိုယိုတာ ကားကုမ္ပဏီဟာ သီလဝါအထူးစီးပွားရေးဇုန်မှာ သူ့ရဲ့ ကားထုတ်လုပ်မှုလုပ်ငန်းတွေ စတင်နေပြီဖြစ်တယ်လို့ Nikkei Asian သတင်းစာမှာ ဒီကနေ့ ဖော်ပြပါတယ်။

အဆိုပါလုပ်ငန်းကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက စတင်ဖို့ စီစဉ်ထားခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုတွေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အချိန် ၁၉ လကြာပြီးမှ ပြန်လည် စတင်နိုင်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

လတ်တလောအချိန်မှာတော့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပြီးနောက် စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့မှုအပြီး အချိန် ၁ နှစ်ခွဲကျော်ကြာတဲ့တိုင်အောင် နိုင်ငံတဝန်း စစ်အာဏာရှင်တိုက်ထုတ်ရေး ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

တိုယိုတာလုပ်ငန်းစုအနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းက လုပ်ငန်းတွေ စတင်နိုင်ဖို့ သူတို့ရဲ့ အစီအစဉ်နဲ့ပတ်သက်ပြီး အထူးစီးပွားရေးဇုန် အာဏာပိုင်တွေဆီ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ Hilux ပစ်ကပ်ထရပ်ကားတွေ ထုတ်လုပ်တပ်ဆင်တဲ့ စက်ရုံကို စက်တင်ဘာလထဲမှာ စတင်လည်ပတ်ခဲ့ကာ လစဉ်ထုတ်လုပ်မှု ဒါဇင်အနည်းငယ်သာရှိမယ်လို့ မျှော်လင့်ရပြီး အမှာစာတွေကို စတင်လက်ခံနေပြီလို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ Nikkei Asian သတင်းစာက ဆက်သွယ်မေးမြန်းချိန်မှာတော့ ထုတ်လုပ်မှု ကန့်သတ်ထားတာကြောင့် ပေးပို့နိုင်မယ့် ရက်အတိအကျကို အာမ မခံနိုင်သေးဘူးလို့ ပြောပါတယ်။

တိုယိုတာလုပ်ငန်းစုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မေလမှာ ကြေညာခဲ့တဲ့ မူလအစီအစဉ်အရ တနှစ်မှာ Hilux ပစ်ကပ်ကားအစီးရေ ၂,၅၀၀ ထုတ်လုပ်ဖို့အတွက် စက်ရုံမှာ ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံမှာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ၊ မြန်မာစစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းစုတွေ အများစု ပြန်ထွက်ခွာချိန်မှာ တိုယိုတာအနေနဲ့ လုပ်ငန်းတွေ စတင်နေတာ ဖြစ်ပြီးတော့ ပြည်တွင်းက ပြန်ထွက်သွားတဲ့ ကုမ္ပဏီတွေထဲမှာ ပြင်သစ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ Total Energies၊ အမေရိကန်ရေနံကုမ္ပဏီ Chevron၊ အော်ရီဒူးနဲ့ တယ်လီနော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း စတဲ့ကုမ္ပဏီကြီးတွေ ပါပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဩဂုတ်လအတွင်း မြန်မာနိုင်ငံမှာ မော်တော်ယာဥ်အစီးရေ ၆,၅၀၀ ရောင်းချခဲ့ရပြီး ဒါဟာ စစ်အာဏာသိမ်းမှု မတိုင်မီကထက် ထက်ဝက်ကျော် လျော့နည်းခဲ့တာ ဖြစ်ကာ အာဏာသိမ်းစစ်အုပ်စုက နိုင်ငံခြားအရန်ငွေတွေ စီးဆင်းမှုကို ဟန့်တားဖို့အတွက် မော်တော်ကား တင်သွင်းမှုကို ကန့်သတ်ထားတာကြောင့်လည်း တစိတ်တပိုင်း ဆက်စပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013