DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ်ကပြင်ဆင်လိုက်သည့် ညွှန်ကြားချက်ကြောင့် ဘဏ်များ အကျပ်အတည်း ရှိလာနိုင်
DVB
·
October 11, 2022
ဗဟိုဘဏ်ကပြင်ဆင်လိုက်သည့် ညွှန်ကြားချက်ကြောင့် ဘဏ်များ အကျပ်အတည်း ရှိလာနိုင်
Donate to DVB

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ပြင်ဆင်လိုက်တဲ့ ညွှန်ကြားချက်ဟာ ဘဏ်တွေကို အကျပ်အတည်းရှိစေတယ်လို့ ဘဏ်နဲ့ငွေကြေးဆိုင်ရာကျွမ်းကျင်သူတွေက ထောက်ပြ ပြောပါတယ်။

ဘဏ်တွေမှာ မြန်မာကျပ်ငွေဖြင့် ထားရမည့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်အချိုးအား အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်လိုက်တာပါ။

အဆိုပါထုတ်ပြန်ချက်အရ ဗဟိုဘဏ်က ဘဏ်တွေမှာ ထားရှိရမယ့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်အချိုးမှာ ၃ ရာခိုင်နှုန်း ထားရမယ်လို့ သတ်မှတ်ထားရှိတဲ့အနက် စာရင်းရှင်အပ်ငွေ အနေနဲ့ ငွေသား ၂ ဒသမ ၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှာ ထားရှိရမှာဖြစ်ပြီး ကျန်ရှိတဲ့ သုည ဒသမ ၅ ရာခိုင်နှုန်းကိုတော့ လက်ဝယ်ငွေသားအနေနဲ့ ဘဏ်တွေမှာ ထားနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ အခုထုတ်ပြန်ချက်ဟာ ဘဏ်တွေအဖို့ ငွေသားလက်ကိုင်ထားရှိမှု ပမာဏကို လျှော့ချချင်တဲ့ ရည်ရွယ်ချက်ပါတယ်လို့ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

“ဘဏ်တွေအတွက် အခက်အခဲက ဗဟိုဘဏ်ဆီ ပိုက်ဆံတွေ သွားပို့ရတဲ့ နေရာမှာ ပိုက်ဆံက ပိုပြီး များလာတာပေါ့။ ရှင်းရှင်းပြောရရင် ဗဟိုဘဏ်က မင်းတို့လက်ထဲမှာရှိတဲ့ ပိုက်ဆံတွေက စိတ်မချရဘူး။ ဘာလို့လဲဆို မင်းတို့က ဘယ်လောက် ရှိပါတယ်လို့ ဆိုပေမဲ့ ငါတို့ လက်ထဲမှာ လာထားတာက ပိုပြီး ယုံကြည်တယ်ဆိုတဲ့သဘောနဲ့ လုပ်တာပေါ့နော်။ ဘာကြောင့်လဲဆို ယခင်ကတော့ ဘဏ်တွေမှာ လက်ဝယ်ငွေသားထားရှိမှု အချိုးက သုည ဒသမ ၇၅ ရာခိုင်နှုန်း ထားထားလို့ရပေမဲ့ ယခုကတော့ သုည ဒသမ ၅၀ ရာခိုင်နှုန်းသာ ထားရမယ်ဆိုတော့ ဘဏ်တွေရဲ့ လက်ထဲမှာ ငွေသားထားရှိမှုက နည်းသွားပြီပေါ့ဗျာ။ ဆိုတော့ ဗဟိုဘဏ်ရဲ့ ရည်ရွယ်ချက်က သူ့ဆီမှာ ထားရှိတဲ့ လက်ဝယ်ငွေသား ထားရှိမှုကို အရင်ပမာဏထက် တိုးပြီး ထားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ကျနော်တော့ မြင်တယ်။ ဘာကြောင့်လဲဆို ယခင် သူတို့ သတ်မှတ်ထားတာက ငွေသားထားရှိမှုကို ၂ ဒသမ ၂၅ ရာခိုင်နှုန်းသာ ဗဟိုဘဏ်မှာ အပ်နှံနိုင်ပြီး ကျန်ရှိတဲ့ သုည ဒသမ ၇၅ ရာခိုင်နှုန်းကိုတော့ ဘဏ်တွေက လက်ဝယ်သိမ်းထားနိုင်တယ်လို့ သတ်မှတ်ခဲ့တာလေ” လို့ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတဦးက ဗွီဘီကို ပြောပါတယ်။

တဖက်မှာလည်း ဘဏ်တွေဟာ လူထုရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိဖို့အတွက် မိမိတို့ဆီမှာ စုဆောင်းထားရှိတဲ့ ငွေအပ်နှံသူတွေကို ငွေသားထုတ်ယူမှုနဲ့ ပတ်သတ်ပြီး အနည်းငယ် ဖြေလျှော့မှုတွေ လုပ်ပေးလာတာ ရှိလာတယ်။ 

ဒါပေမဲ့ ပြဿနာက ဗဟိုဘဏ်မှာ ငွေသားအပ်နှံမှုပမာဏဟာ ယခင်ကထက် သုည ဒသမ ၂၅ ရာခိုင်နှုန်း ပိုတိုးပြီး ထားရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ဘဏ်တွေမှာ ငွေသားပိုင်ဆိုင်မှု အကျပ်အတည်းနဲ့ ရင်ဆိုင်လာရဖို့ ရှိနေပါတယ်။

ဘဏ်နဲ့ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတဦးက “ဟုတ်တာပေါ့။ ဘဏ်တွေမှာ အကျပ်အတည်း ရှိစေတာပေါ့။ ဘာလို့လဲဆို သူ့လက်ထဲမှာ လွတ်လွတ်လပ်လပ် ထားလို့ မရတော့ဘူး။ ဗဟိုဘဏ်က အရင်သတ်မှတ်ထားတဲ့ ပမာဏထက် သုည ဒသမ ၂၅ ရာခိုင်နှုန်း ပိုပြီး ထားရမယ်လို့ သတ်မှတ်လိုက်တာက ဘဏ်တွေမှာ ငွေသားပိုင်ဆိုင်မှု အကျပ်အတည်း ရှိစေတာပေါ့။ ပြီးတော့ နောက်တချက်က ဗဟိုဘဏ်မှာ ထားရှိရမယ့် ငွေသားပမာဏ သတ်မှတ်ချက်ကို ပြည့်မီဖို့အတွက် ဘဏ်တွေဟာ အမြဲတမ်းစောင့်ကြည့်ပြီး လိုတာနဲ့ သွားသွားဖြည့်ပေးနေရဦးမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဘဏ်တွေအနေနဲ့ ထိန်းသိမ်းမှုကာလ နောက်ဆုံးရက်မှာ ပျှမ်းမျှ စာရင်းရှင် အပ်ငွေအရလည်းကောင်း၊ ပျှမ်းမျှ လက်ဝယ်ထားရှိရမယ့် ငွေသားအရ လည်းကောင်း၊ သတ်မှတ်ရာခိုင်နှုန်း အသီးသီးကို ပြည့်မီရမယ်လို့ ဆိုပါတယ်။ အကယ်၍ သတ်မှတ်ချက်အား ပြည့်မီခြင်းမရှိပါက အဆိုပါဘဏ်အား အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက် လိုက်နာမှုမရှိသော ဘဏ်အဖြစ် သတ်မှတ်ကာ ဒဏ်ကြေးပေးဆောင်ရမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။

အဆိုပါ အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက် ပြင်ဆင်သတ်မှတ်ချက်အား ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ် မတ်၂၈ ရက်နေ့အထိ အသုံးပြုသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013