DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေဈေး ၁၀ သိန်းကျော် ကျဆင်းပြီးနောက် ဈေးငြိမ်နေ
DVB
·
October 10, 2022
ပြည်တွင်းရွှေဈေး ၁၀ သိန်းကျော် ကျဆင်းပြီးနောက် ဈေးငြိမ်နေ
Donate to DVB

တကျပ်သားကို ၃၈ သိန်းကျပ်အထိ အမြင့်ဆုံးရှိခဲ့တဲ့ ပြည်တွင်းအကယ်ဒမီ(မီးလင်း) အခေါက်ရွှေဈေးဟာ ကျပ် ၁၀ သိန်းကျော်အထိ ပြုတ်ကျသွားပြီးနောက် လက်ရှိမှာတော့ အတက်အကျ မကြမ်းတော့ဘဲ ဈေးငြိမ်နေတဲ့ အကြောင်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြည်တွင်းရွှေရောင်းဝယ်ရေးဈေးကွက်မှာ အကယ်ဒမီ(မီးလင်း)အခေါက်ရွှေဈေးဟာ ၂၀၂၂ ခုနှစ် သြဂုတ်လမှာ တကျပ်သားကို ကျပ် ၃၈ သိန်းနီးပါးအထိ ရောက်ခဲ့ပြီး စံချိန်တင် အမြင့်ဆုံးရှိခဲ့တာပါ။ ဒီဈေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်မှာ စံချိန်တင်အမြင့်ဆုံးဖြစ်ခဲ့တဲ့ (ကျပ် ၂၃ သိန်းကျော်) ဈေးနှုန်းထက် ကျော်လွန်သွားပါတယ်။

ရွှေဈေးတွေ အခုလို အဆမတန် ဈေးတွေ တက်လာပြီးတဲ့နောက် စက်တင်ဘာ ၁ ရက် ညနေခင်းအချိန်မှာ စစ်ကောင်စီ လက်အောက်ခံ MRTV ရုပ်သံဌာနက တကျပ်သား၊ ငါးမူးသားနဲ့ တမတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးတွေ ထုတ်ရောင်းပေးမယ်လို့ ကြေညာပြီးတဲ့နောက် ပြည်တွင်းရွှေဈေးဟာ တကျပ်သားကို ကျပ် ၂၈ သိန်းအထိ ရောက်သွားခဲ့ပြီး အကျကြမ်းခဲ့ပါတယ်။ ဒီသက်ရောက်မှုက ပြည်တွင်းရွှေရောင်းဝယ်ရေးဈေးကွက်ထဲမှာ ဈေးအကျကျွံတဲ့အထိ ရှိခဲ့ပါတယ်။

ရွှေလုပ်ငန်းရှင်တဦးက “မီးလင်းအခေါက်ရွှေဈေးက တကျပ်သား ၂၈ သိန်း ကျပ်ကနေ ဘယ်လောက်အထိ ကျသွားလဲဆိုရင် တကျပ်သားကို ကျပ် ၂၂ သိန်းကျော်သာ ရှိတော့တယ်။ ဒါကတော့ ဈေးက အကျ ကျွံသွားတဲ့အထိ ဖြစ်ခဲ့တယ်လို့ ပြောလို့ရတယ်။ လူတိုင်းရဲ့သဘောက ကိုယ့်လက်ထဲ ရွှေမရှိဘူးဆိုရင် ရွှေဈေးကို ကျစေချင်တာပဲ။ ကိုယ့်လက်ထဲ ရွှေရှိရင်နေရင်တော့ ဈေးက ဘယ်လောက်ပဲ ကျလာတယ်ပြောပြော ကိုယ်က အတက်ပဲကြည့်ကြတယ်။ ဒါက လူတွေရဲ့ သဘောပဲနော်။ ဆိုတော့ ကျသွားပြီ၊ ကျသွားပြီ ဆိုတဲ့နေရာမှာ သူသူကိုယ်ကိုယ်ပေါ့ ထုတ်ရောင်းလာကြတယ်။ အဲဒီလိုထုတ်ရောင်းပြီးတဲ့နောက် ကိုယ်ပြန်ဝယ်မယ်လုပ်တဲ့အခါ ခုနကျခဲ့တဲ့ ရွှေဈေးက မရှိတော့ဘူး။ မရှိတဲ့အခါ သူ့ထက်ငါ အပြိုင်လိုက်ဝယ်တဲ့အခါ ရွှေဈေးက တခါ ပြန်တက်သွားရတယ်။ ဘယ်လောက်ထိ ပြန်ဖြစ်သွားလဲဆိုရင် တကျပ်သားကို သိန်း ၂၇ နဲ့ ၂၈ ပတ်ချာလည် ပြန်ဖြစ်သွားတယ်။ ဆိုတော့ မြန်မာ့ရွှေဈေးက အဲ့လိုမျိုးနဲ့ လုံးချာ လိုက်နေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ ရွှေလုပ်ငန်းရှင်များ အသင်းအဖွဲ့တွေက ဦးဆောင်ပြီး အသင်းသားတွေ ပိုင်တဲ့ ရွှေတွေကို ဈေးကွက်အတွင်း ပြန်လည်ရောင်းချပေးနေတာကြောင့် ပြည်တွင်းရွှေဈေးက အတက်အကျ မကြမ်းတော့ဘဲ ဈေးငြိမ်လို့ နေပါတယ်။

ဝါရင့်ရွှေဝယ်ရောင်းလုပ်ကိုင်နေသူတဦးက “လတ်တလောမှာတော့ ရွှေဈေးက အတက်အကျ မကြမ်းတော့ဘဲ ငြိမ်နေတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ တခု စဉ်းစားစရာရှိတာက သူတို့က ဆက်ပြီး ရောင်းနိုင် မရောင်းနိုင် ဆိုတာကလည်း ရှိသေးတယ်။ တကယ်လို့ သူတို့မှာ ရောင်းစရာလဲ ရှိနေမယ်။ ဆက်ပြီးတော့လဲ ရောင်းပေးနေဦးမယ်ဆိုရင်တော့ ရွှေဈေးက ကျလာဖို့တော့ မြင်ပါတယ်။ သို့တည်းမဟုတ် သူတို့က အရောင်းရပ်သွားရင်တော့ ရွှေဈေးက ပြန်တက်သွားနိုင်တယ်။ နောက်တချက်က ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်း အတက်အကျနဲ့လဲ ရွှေဈေးက အပြောင်းအလဲ ရှိတယ်။ ဆိုတော့ ဘေးပယောဂတွေ မပါဘူး၊ နိုင်ငံခြားငွေလဲနှုန်း အတက် အကျလဲ မကြမ်းဘူးဆိုရင် လက်ရှိ ဖြစ်ပေါ်နေတဲ့ ဒီဈေးတန်းလေးနဲ့ ပြည်တွင်း ရွှေဈေးက ငြိမ်နေမယ်လို့ မျှော်လင့်ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက ပြီးခဲ့တဲ့ရက် (အောက်တိုဘာ ၇ ရက်)က ရွှေတကျပ်သားကို ၂၅ သိန်း ၄ သောင်းကျပ် သတ်မှတ်ကာ လူတဦးကို အလေးချိန် တဆယ် ကျပ်သားရှိ အကယ်ဒမီ(မီးလင်း) အခေါက်ရွှေ တပိုင်းနှုန်း ရောင်းချပေးခဲ့သလို အောက်တိုဘာ ၈ ရက်နေ့မှာပဲ မရလိုက်တဲ့သူတွေအတွက် ထပ်မံရောင်းချပေးခဲ့ပါတယ်။

အလားတူ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကလည်း လာမယ့် အောက်တိုဘာ ၁၂ ရက်နေ့မှာ အသင်းရုံးတည်ရှိရာ ရုံးခန်းမှာ လူတဦးကို အလေးချိန် တကျပ်သားကနေ ၁၀ ကျပ်သားရှိတဲ့ အကယ်ဒမီ(မီးလင်း)အခေါက်ရွှေတုံးအား ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

ဒီကနေ့ (အောက်တိုဘာ ၁၀ ရက်)အတွက် ပြည်တွင်းရွှေဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေတဲ့ အကယ်ဒမီ(မီးလင်း) အခေါက်ရွှေဈေးက  တကျပ်သားကို ၂၆ သိန်းကျပ်နဲ့ အဝယ်ရှိပြီး ၂၆ သိန်း ၁ သောင်းကျပ်နဲ့ အရောင်းရှိနေပါတယ်။

အလားတူ ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းကလည်း အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၂၉၀၀ နဲ့ ၃၀၀၀ ကျပ်အကြားမှာ အရောင်းအဝယ် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013