DVB Logo
Home
မြန်မာသတင်း
ထိုင်းနှင့် တန်းတူအခွင့်အရေးရရန် ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို
DVB
·
May 1, 2014
ထိုင်းနှင့် တန်းတူအခွင့်အရေးရရန် ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို
Donate to DVB

အလုပ်သမားသမဂ္ဂ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေးအပြင် အလုပ်သမားအခွင့်အရေး တွေမှာလည်း ထိုင်းအလုပ်သမားတွေနဲ့ တန်းတူညီမျှ ခံစားခွင့်ရရေးတို့အတွက် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေက တောင်းဆိုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားအဖွဲ့အစည်းက ကိုယ်စားလှယ်တွေဟာ မေ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့မှာ ချင်းမိုင်ခရိုင်ဝန်ရုံးကို ချီတက်လမ်းလျှောက်လာကြပြီး အလုပ်သမားအခွင့်အရေးတွေ ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

SAMSUNG CAMERA PICTURESအလုပ်သမားပေါင်း ၂၀၀ ကျော်ဟာ ခရိုင်ဝန်ရုံးရှေ့မှာ တောင်းဆိုချက်၊ ကြေညာချက်တွေ ဖတ်ကြားခဲ့ကြပါတယ်။ မြန်မာအလုပ်သမားတွေကိုယ်စား ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း အလုပ်သမားရေးရာ ဒုတာဝန်ခံ မမာမာဦးက ဖတ်ကြားပေးခဲ့ပါတယ်။

“ထိုင်းအစိုးရအနေနှင့် ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးလေ့ရှိကြသော အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာ ညှိနှိုင်းဖြေရှင်းခြင်းတို့အပေါ် ထောက်ကူပြုစေသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ ပဋိညာဉ်စာချုပ် အပိုဒ် ၈၇ နှင့် အပိုဒ် ၉၈ ပါ အချက်များအတိုင်း လိုက်နာကျင့်သုံးရေး အလုပ်သမားဝန်ကြီးဌာနအနေဖြင့် တိုက်တွန်းပေးပါရန် တောင်းဆိုပါသည်။”

ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့အတွက် ထိုင်းအလုပ်သမားနဲ့ တန်းတူအခွင့်အရေးရရှိရေး၊ အလုပ်သမားသမဂ္ဂလွတ်လပ်စွာ ဖွဲ့စည်းခွင့် ရရေးနဲ့ လူမှုဖူလှုံရေး အာမခံချက်ကို အလုပ်သမားတိုင်း တန်းတူ လုပ်ဆောင်ခွင့်ရရေးတွေ တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် အလုပ်သမားတွေအပေါ် လိမ်လည်လှည့်စားနေတဲ့ ပွဲစားတွေ၊ အလုပ်သမား ဥပဒေအတိုင်း လိုက်နာခြင်း မရှိဘဲ အလုပ်သမားတွေပေါ် ခေါင်းပုံဖြတ်နေတဲ့ အလုပ်ရှင်တွေကို ထိထိရောက်ရောက် စစ်ဆေးအရေးယူပေးဖို့၊ အမ်အိုယူ (နှစ်နိုင်ငံသဘောတူစာချုပ်)နဲ့ ရောက်ရှိ လာတဲ့ အလုပ်သမားပြဿ နာတွေ ဖြေရှင်းပေးဖို့၊ အလုပ်သမားပြန်ပို့စရိတ် အာမခံ ရန်ပုံငွေ ကောက်ခံမှုကို ရုပ်သိမ်းပေးဖို့နဲ့ ဖျော်ဖြေရေးအလုပ်သမား၊ ပြည့်တန်ဆာအလုပ်သမား တွေကိုလည်း အလုပ်သမားအဖြစ်သတ်မှတ်ပြီး အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေထဲမှာ အကျုံးဝင်စေဖို့၊ နေ့တွက် အနိမ့်ဆုံးလုပ်အားခ ဘတ် ၃၀၀ တကယ် ရမရ ကော်မတီဖွဲ့ပြီး စစ်ဆေးပေးဖို့ စတဲ့ အချက်ပေါင်း ၁၀ ချက်ကို တောင်းဆိုခဲ့ကြပါတယ်။

ဒီတောင်းဆိုချက်စာလွှာကို ချင်းမိုင်ခရိုင်ဝန် နိုင်းဝိချိန်း ဖုတိဝင်းယု ကိုယ်တိုင် လက်ခံရယူပေးပြီး ထိုင်းယာယီအစိုးရ ၀န်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ဆီကို အမြန်ဆုံး တင်ပြပေး သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

တောင်းဆိုချက်တွေအတိုင်း အစိုးရက တကယ်လိုက်လျော ဆောင်ရွက်ပေး မပေးကို မမှန်းနိုင်ပေမယ့် အလုပ်သမားတွေကတော့ ကိုယ့်တောင်းဆိုစရာရှိတာတွေကို ဆက်ပြီး တောင်းဆိုသွားရမယ်လို့ မမာမာဦးက ဆက်ပြောပါတယ်။

ထိုင်းတောင်ပိုင်း ရနောင်းကနေ ချီတက်ပွဲကို ပူးပေါင်းလာတဲ့ အလုပ်သမား ကိုဟိန်းထက်က “အဓိက ပြဿ နာက ၂ နိုင်ငံ အစိုးရကြားမှာ တာဝန်ယူမှု၊ တာဝန်ခံမှု အရမ်းအားနည်းတယ်လို့ ကျနော်တို့ခံစားရတယ်။ အဲဒါကြောင့် နေ့စဉ်နဲ့အမျှ အလုပ်သမားအခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။ ၂ နိုင်ငံအစိုးရအနေနဲ့ သေချာညှိနှိုင်းဆွေးနွေးပြီးတော့ အလုပ်သမားအများစုရှိတဲ့ ပြည်နယ်တွေမှာ အလုပ်သမားရေးရာ တာဝန်ခံ အရာရှိတွေ ဒီထက်ပိုပြီး တိုးချဲ့ခန့်ထားပေးမယ်ဆိုရင် အလုပ်သမား ပြဿ နာတွေ အများကြီး ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်တယ်” လို့ ပြောပါတယ်။

ဒီကနေ့တောင်းဆိုချက်တွေကို ချင်းမိုင်၊ မဟာချိုင်၊ ဘန်ကောက်၊ မဲဆောက်၊ ရနောင်း စတဲ့ဒေသက မြန်မာအလုပ်သမား အဖွဲ့အစည်းကိုယ်စားလှယ်တွေ၊ ထိုင်းအလုပ်သမားသမဂ္ဂ၊ ထိုင်းအလုပ်ရုံစက်ရုံ၊ အထည်ချုပ်လုပ်ငန်းသမဂ္ဂ၊ လျှပ်စစ်ပစ္စည်းဆိုင်ရာ အလုပ်သမားသမဂ္ဂ၊ ကျောက်မျက်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂ စတဲ့ စုစုပေါင်း ၈ ဖွဲ့က ကိုယ်စားလှယ်တွေ ၃ ရက်တာ ဆွေးနွေးပွဲ ကျင်းပပြီး ပူးပေါင်းရေးသားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွေကို အစိုးရ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ အလုပ်သမား အဖွဲ့အစည်းတွေပါ အဖွဲ့အလိုက်ဖြစ်စေ၊ မြို့နယ်အလိုက်ဖြစ်စေ နေရာတိုင်းမှာ ကျင်းပခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013