DVB Logo
Home
Lead Story
၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ဘယ်သူတွေရနိုင်မလဲ
DVB
·
October 7, 2022
၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ဘယ်သူတွေရနိုင်မလဲ
Donate to DVB

အခု ၂၀၂၂ ခုနှစ်အတွက်ရွေးချယ်ပေးအပ်မယ့် ငြိမ်းချမ်းရေးနိုဘယ်ဆုဟာ သမ္မတဗိုလိုဒီမာဇာလန်းစကီးဒါမှမဟုတ် ယူကရိန်းအရပ်သားတွေကို အကူအညီပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကို ပေးအပ်ချီးမြှင့်ခြင်းအားဖြင့် ယူကရိန်းအပေါ်ရုရှားရဲ့ကျူးကျော်စစ်ပွဲကို ပြစ်တင်ရှုတ်ချလိမ့်မယ်လို့ မျှော်လင့်ခန့်မှန်းနေကြပါတယ်။

မာရီယိုပူးလ်ဇာတိအသက်၂၄ နှစ်အရွယ် ယူကရိန်းသမိုင်းဆရာ အီဗန်ဘက်ဇ်ဒတ်ညီက  “ဒီဆုချီးမြှင့်ခံရမယ်ဆိုရင်တော့ ယူကရိန်းအတွက်ကမ္ဘာ့ထောက်ခံမှုရှိတယ်ဆိုတာကို ထပ်ပြီး သက်သေပြလိုက်သလိုဖြစ်သွားနိုင်ပါတယ်။ ရုရှားနဲ့ အလားအလာရှိတဲ့ ဆွေးနွေးမှုအပေါ် သံသယတွေ ပြေပျောက်ပြီးတော့ နိုင်ငံတကာအသိုင်းအဝိုင်းက ရုရှား-ယူကရိန်းစစ်ပွဲကို ပိုပြီးအာရုံစိုက် စုစည်းလာနိုင်ပါတယ်။ ယူကရိန်းပြည်သူတွေအတွက်ကတော့ ငါတို့ဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီး အဆုံးထိတိုက်ပွဲဝင်ရမယ်ဆိုတဲ့  အချက်ပြမှုဖြစ်ပါလိမ့်မယ်”လို့ သုံးသပ်ပြောပါတယ်။

ဒါမှမဟုတ်ရင်လည်း ရာသီဥတုပြောင်းလဲမှုကို အထူးပြုဖေါ်ပြတာ၊ နောက်ပြီး ဂရီတာသွန်းဘာ့ဂ်လို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဦးကို ပေးအပ်ချီးမြှင့်လိုက်တာ မျိုးဖြစ်နိုင်သလို မထင်မှတ်တာတွေလုပ်လေ့လုပ်ထရှိတဲ့ နော်ဝေနိုဘယ်ကော်မတီရဲ့ထုံးစံအတိုင်း လူတွေအံ့ဩသွားအောင် ဆုပေးလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

ဆုရွေးချယ်ရေးအဖွဲ့ဟာ ရာသီဥတုပြောင်းလဲမှုကိုလည်း မီးမောင်းထိုးပြနိုင်ပါတယ်။ သွန်းဘာ့ဂ်၊ ဗြိတိန်သဘာဝရုပ်သံထုတ်လွှင့်သူဒေးဗစ်အက်တန်ဘရော့၊ တူဗာလူး နိုင်ငံခြားရေးဝန်ကြီး ဆိုင်မွန်ကိုဖေး၊ အနာဂတ်အတွက်သောကြာနေ့များအဖွဲ့တို့ကို အမည်စာရင်းတင်သွင်းထားတယ်လို့ ရိုက်တာသတင်းဌာနစစ်တမ်းအရ သိရပါတယ်။

ဗြိတိန်သဘာဝရုပ်သံထုတ်လွှင့်သူ  ဒေးဗစ်အက်တန်ဘရော့က “ပျက်စီးဆုံးရှုံးကိန်းဆိုက်နိုင် တဲ့အခြေအနေအချက်အလက် အကုန်ပြည့်စုံနေပါပြီ။ အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။ ကျနော်တို့သတိမမူမိဘဲ ဂေဟစံနစ်ကြီးတစ်ခုလုံးကို ကျနော်တို့ကိုယ်တိုင် ဖျက်ဆီးသလိုဖြစ်နိုင်ပါတယ်။ ကျနော်တို့ အခုလုပ်နေတဲ့အရာ‌တွေကြောင့်ဖြစ်လာမယ့်အန္တရာယ်ကို အမှန်တကယ်သတိပြုမိဖို့လိုပါတယ်” လို့ပြောပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ကြေညာဖို့ရှိတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ ကြိုတင်ခန့်မှန်းသူတွေရဲ့အဆိုအရ နယ်လ်ဆင်မန်ဒဲလား၊ ဂျင်မီကာတာ၊ မီခေးလ်ဂေါ်ဘာချော့ဗ်နဲ့ အန်ဒရီဆာခါရော့ဗ်တို့ ပါဝင်ကြပါတယ်။

ဘယ်လာရုစ်က ဆဗီယက်လန်နာဆီခါနိုစကာရာနဲ့ ရုရှားကအတိုက်အခံခေါင်းဆောင် အလက်ဇီနဗယ်လ်နီတို့ဟာ လက်ရှိမှာထောင်ကျနေကြတာပါ။ သူတို့နှစ်ဦးစလုံးဟာ အခုနှစ်အတွက် အမည်စာရင်းတင်သွင်းခံရသူတွေဖြစ်တယ်လို့ အပြီးသတ်ဆုရှင်ရွေးချယ်တဲ့မှတ်တမ်းရှိတဲ့ နော်ဝေလွှတ်တော်အမတ်တွေရဲ့စစ်တမ်းအရသိရပါတယ်။

အရင်ဆုရှင်တွေ၊ လွှတ်တော်အမတ်တွေ၊ သမိုင်းပညာရှင်တွေနဲ့ဥပဒေပါမောက္ခတွေအပါအဝင် လူထောင်ပေါင်းများစွာက ဆုရှင်အမည်စာရင်း အဆိုတင်သွင်းနိုင်ပါတယ်။ စာရင်းတင်သွင်းမှုကို နှစ်ပေါင်း ၅၀ ကြာအောင်လျှို့ဝှက်ထားရှိတာဖြစ်ပြီး ကိုယ်ကဘယ်သူတွေကို အမည်တင်သွင်းခဲ့တယ် ဆိုတာကိုတော့ တင်သွင်းသူကိုယ်တိုင်ကထုတ်ဖေါ်ပြောဆိုနိုင်ပါတယ်။

အန္တရာယ်အရှိဆုံးအချိန်မှာ သမ္မတတစ်ယောက်အနေနဲ့အပြည့်အဝတာဝန်ယူခဲ့တယ်။ ဒါကြောင့် ရသင့်ပါတယ်လို့ ယူကရိန်း သမ္မတဇလန်းစကီးရဲ့အကြံပေးတစ်ဦးဖြစ်သူက မြို့တော်ကိယက်ဗ်မှာ ပြောပါတယ်။

စစ်မက်ကင်းစင်ပြီးငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ခွင့်ရဖို့ အမြင့်မားဆုံးတန်ဖိုးပေးနေရ တဲ့ ယူကရိန်းပြည်သူတွေအတွက် ဒီဆုနဲ့ထိုက်တန်ပါတယ်လို့ ပြောပါတယ်။

အော်စလိုငြိမ်းချမ်းရေးသုတေသနအင်စတီကျူ့ဒါရိုက်တာ ဟဲနရစ်အာဒဲလ်က “ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ကို ဆုချီးမြှင့်ဖို့ ကော်မတီက နှစ်ကြိမ်စဉ်းစားမယ်လို့ထင်ပါတယ်။ စစ်ပွဲကိုစတင်လှုံ့ဆော်သူမဟုတ်ဘဲ စစ်ပွဲကို လက်ခံလိုက်ရတဲ့ ယူကရိန်းနိုင်ငံဖြစ်နေပေမယ့် စစ်မက်ပြိုင်ဖက်နှစ်ဖက်စလုံးက ပြဿနာရှိနေတာကြောင့် ဒီလိုအခါမှာ တစ်ဖက်ဖက်ကိုဆုပေးလိုက်ဖို့သင့်မသင့်ဆိုတာ သတိကြီးကြီးထားပြီး စဉ်းစားရမယ်ထင်ပါတယ်”လို့ သုံးသပ်ပြောပါတယ်။

အကျင့်ပျက်ခြစားမှုနဲ့အာဏာအလွဲသုံးစားလုပ်မှုတွေကို ဖော်ထုတ်နိုင်ပြီး ဖိလစ်ပိုင်နဲ့ ရုရှားခေါင်းဆောင်တွေရဲ့ အမျက်ဒေါသကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ မာရီယာရီဆာနဲ့ ဒီမီထရီမူရာတိုဗ်တို့နှစ်ဦးဟာ အစိုးရတွေကသတင်းထောက်တွေကို နှိပ်ကွပ်နေတဲ့ကြားက လွတ်လပ်စွာပြောဆိုခွင့်အပေါ်မှာ ရပ်တည်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့ကြပါတယ်။

ဒီနှစ်အတွက်တခြားအလားအလာရှိတဲ့ ဆုရှင်လောင်းတွေထဲမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးတို့လည်းပါဝင်ကြပါတယ်။

Photo- Nobel Prize

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013