DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံမှ တာဝန်သိသိ သိက္ခာရှိရှိ ထွက်ခွာရန် ပူးမားစွမ်းအင်ကုမ္ပဏီကို တိုက်တွန်း
DVB
·
October 6, 2022
မြန်မာနိုင်ငံမှ တာဝန်သိသိ သိက္ခာရှိရှိ ထွက်ခွာရန်  ပူးမားစွမ်းအင်ကုမ္ပဏီကို တိုက်တွန်း
Donate to DVB

ပူးမားစွမ်းအင်ကုမ္ပဏီဟာ သူ့ရဲ့ အစုရှယ်ယာတွေ ဝယ်ယူသွားတဲ့ မြန်မာကုမ္ပဏီရဲ့ အမည်ကို ထုတ်ဖော်ကြေညာခြင်း မရှိတဲ့အပေါ် စိုးရိမ်တဲ့အကြောင်းနဲ့ လူ့အခွင့်ရေးအရ လုပ်ဆောင်ရမယ့် တာဝန်ရှိတဲ့အလျောက် အမြန်ဆုံး ထုတ်ဖော်ကြေညာဖို့  Justice for Myanmar အဖွဲ့က တောင်းဆိုပါတယ်။

မြန်မာပြည်က ထွက်ခွာပြီးပါက ပူးမားစွမ်းအင်ကုမ္ပဏီနဲ့ သူ့ရဲ့ မိခင်ကုမ္ပဏီ Trafigura လုပ်ငန်းစုတို့ အနေနဲ့ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် ကုစားပေးဖို့အတွက် သူ့ရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအရ တာဝန်ရှိမှုကို အပြည့်အဝလုပ်ဆောင်ပေးရမယ်လို့လည်း Justice for Myanmar ကတိုက်တွန်း ပါတယ်။

ပူးမားစွမ်းအင်ကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့  အောက်တိုဘာ ၅ ရက်နေ့မှာ ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့တာပါ။

မြန်မာပြည်ကနေ လုံးဝထွက်ခွာဖို့ ကုမ္ပဏီရဲ့ဒါရိုက်တာဘုတ်အဖွဲ့က အခုနှစ်အစောပိုင်း  ဆုံးဖြတ်ပြီးနောက် Puma Energy Asia Sun (PEAS) ကုမ္ပဏီနဲ့ အမျိုးသားစွမ်းအင် ပူးမားလေကြောင်းဝန်ဆောင်မှုလုပ်ငန်း    (NEPAS) ကုမ္ပဏီတို့အနေနဲ့ သူတို့ရဲ့ အစုရှယ်ယာတွေကို  မြန်မာပြည်က ပုဂ္ဂလိကပိုင်ကုမ္ပဏီတခုထံ ရောင်းချဖို့ သဘောတူလက်မှတ်ထိုးခဲ့တယ်လို့ ကုမ္ပဏီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NEPAS ကုမ္ပဏီဟာ မြန်မာစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ ဖက်စပ်လုပ်ကိုင်ပြီး မြန်မာပြည်တွင်း လေယာဉ်ဆီအပါအဝင် လောင်စာဆီတွေ  တင်သွင်းဖြန့်ဖြူးရောင်းချနေတာဖြစ်ပါတယ်။

အရပ်သားပြည်သူတွေကို စစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ လေယာဉ်ဆီတွေ မြန်မာစစ်တပ်ဆီ မရောက်အောင် တားဆီးပိတ်ပင်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက စည်းရုံးလှုံ့ဆော်မှုတွေ ပြုလုပ်ပြီးနောက်မှာ ပူးမားကုမ္ပဏီက အခုလို မြန်မာပြည်က ထွက်ခွာဖို့ ကြေညာလိုက်တာပါ။  

မြန်မာစစ်တပ်ရဲ့ လေကြောင်းကနေ  မဆင်မခြင် ဗုံးကြဲမှုဒဏ်ကို အရပ်သားတွေ အများအပြားခံစားခဲ့ရတာဖြစ်ပြီး   ပြီးခဲ့တဲ့လက  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့  ပစ်ခတ်တိုက်လိုက်မှုကြောင့် ကလေးငယ် ၇ ဦးအပါအဝင် ရွာသား ၁၃  ဦးသေဆုံးသွားခဲ့ရပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်လွတ်စပယ် ဗုံးကြဲတိုက်ခိုက်၊ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကို ပံ့ပိုးပေးနေတဲ့ လေယာဉ်ဆီလုပ်ငန်းကို စစ်အာဏာရှင်ထိန်းချုပ်မှုကနေ တားဆီးဖို့အရေး   မြန်မာနိုင်ငံကနေ တာဝန်သိသိသိက္ခာရှိရှိ  ထွက်ခွာဖို့လည်း  Justice For Myanmar   ကတောင်းဆိုပါတယ်။

မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံထားကြတဲ့ နိုင်ငံကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ စစ်တပ် အာဏာသိမ်းပြီးတဲ့ နောက်မှာ တစတစနဲ့ ပြန်လည်ထွက်ခွာနေရပါတယ်။ ဒါကတော့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ဖြစ်တယ်လို့ စီးပွားရေးသုတေသီတွေက ထောက်ပြထားပါတယ်။

ပြည်ပအခြေစိုက် စီးပွားရေးသုတေသီတဦးက “အဓိကကတော့ Business confident ပေါ့နော်။ ဘာလို့လဲဆို ကျနော်တို့ဆီမှာ စီးပွားရေးအရ လုပ်ရကိုင်ရ ခက်ခဲလာတော့ ကုမ္ပဏီကြီးတွေက ပြန်ထွက်ကြတာပေါ့။  အထူးသဖြင့် ဘဏ်လုပ်ငန်းတွေ မလည်ပတ်တာရယ် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ထိန်းချုပ်တဲ့ကိစ္စတွေ ရှိလာတယ်။ ဒီ့ထက် ကျယ်ကျယ်ပြန့်ပြန့်ပြောရရင် စစ်ကောင်စီက တိုင်းပြည်ရဲ့ စီးပွားရေးကို တည်ငြိမ်အောင် မထိန်းနိုင်ဘူး။ မထိန်းနိုင်တော့ ဒီလို ပြန်ထွက်တာမျိုးတွေ ကြုံတွေ့ရတာပေါ့ဗျာ။ ပြီးတော့ ထွက်သွားတဲ့ ကုမ္ပဏီကြီးတွေက တဖက်မှာ ဥပမာ-နိုင်ငံတကာမှာပေါ့။ စားသုံးသူတွေဘက်က ဖိအားပေးတဲ့ ဒဏ်တွေကို သူတို့ ရင်ဆိုင်နေရတာတွေ ရှိတယ်။ ဒါတွေက သူတို့အတွက် ဖိအားတွေ များတယ်လေ။ ဒါကြောင့် ထွက်ကုန်ကြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်ပအခြေစိုက် နိုင်ငံတကာကုမ္ပဏီကြီးတွေက အခုလို ထွက်ခွာသွားအတွက် ဒီနေရာမှာ အစားထိုးနိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံခြားသားပိုင် ကုမ္ပဏီတွေကို မက်လုံးပေးပြီး စည်းရုံးနေတာ ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည်ပေါ်လာဖို့က စစ်ကောင်စီအတွက် အခက်အခဲများစွာ ရှိနေပါတယ်။

စီးပွားရေးဆိုင်ရာအကြံဉာဏ်ပေးနေတဲ့ သုတေသီတဦးကတော့ “ကျနော်မြင်တာက နိုင်ငံတကာက ကုမ္ပဏီတွေ လာတယ်ဆိုတာက သူတို့က risk ကို ကြည့်တယ်ဗျ။ ဘယ်လောက်ထိ စွန့်စားရမလဲ ဆိုပြီးတော့နော်။ အဲ့လို ကြည့်တဲ့အခါ ကျနော်တို့ဆီမှာ နိုင်ငံရေးအရ စွန့်စားရမှုကလည်း များနေမယ်။ နောက်တခါ စီးပွာရေးအရလဲ အမြတ်ထွက်ဖို့ ဆိုတာကလဲ စွန့်စားရမှုက ကြီးနေမယ်။ ဆိုတော့ အဲ့လိုအချက်တွေအပေါ်မှာ မူတည်ပြီးတော့ ဒီနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဝင်သင့် မဝင်သင့် ဆိုတာကို သူတို့က ဆုံးဖြတ်ကြတာလေ။ ဒီတော့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ထပ်တိုး ဝင်လာဖို့က စစ်ကောင်စီအဖို့ သိပ်တော့ မလွယ်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပူးမားကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၂၀၁၄ -၂၀၁၅  ခုနှစ်လောက်ကတည်းက Asia Sun Energy ကုမ္ပဏီနဲ့ပူးပေါင်းပြီး Puma Energy Asia Sun (PEAS) ကုမ္ပဏီအမည်နဲ့ လေယာဉ်ဆီအပါအဝင် လောင်စာဆီတွေ တင်သွင်းဖြန့်ဖြူးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ခဏဆိုင်းငံ့ထားခဲ့ကာ အခုနောက်ပိုင်းမှာ  အရပ်ဘက်အတွက်သာ လုပ်ငန်းတွေပြန်စတင်ခဲ့တယ်လို့ ကုမ္ပဏီက ကြေညာထားပါတယ်။ 

Photo-PUMA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013