DVB Logo
Home
မြန်မာသတင်း
ရွှေလုပ်ငန်းရှင်အသင်းဈေးနှုန်းထက် ပြင်ပ‌၌ ကျပ် ၆ သိန်းကျော်ဈေးကွာပြီး အရောင်းအဝယ် ဖြစ်နေ
DVB
·
October 5, 2022
ရွှေလုပ်ငန်းရှင်အသင်းဈေးနှုန်းထက် ပြင်ပ‌၌ ကျပ် ၆ သိန်းကျော်ဈေးကွာပြီး အရောင်းအဝယ် ဖြစ်နေ
Donate to DVB

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းထက် ကျပ် ၆ သိန်းကျော် ဈေးကွာပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ ရွှေဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၅ ရက် ညနေခင်းအချိန် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက်အရ ပြည်တွင်း အကယ်ဒမီရွှေဈေးက တကျပ်သားကို အခြေခံရည်ညွှန်းဈေး သိန်း ၂,၀၁၀,၀၀၀ ကျပ်နှုန်းနဲ့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အမှန်တကယ် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းက တကျပ်သားကို ကျပ် ၂၆ သိန်းနဲ့ ၂၇ သိန်းအကြားမှာ အရောင်းအဝယ် ရှိနေတာပါ။

အပြင်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းက ရွှေအသင်းကထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းထက် ဈေးပိုမြင့်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရွှေဝယ်ရောင်းလုပ်ကိုင်နေသူတယောက်က “ရွှေအသင်းက ထုတ်ပြန်တဲ့ ဈေးကတော့ အခြေခံ သတ်မှတ်ပေးတဲ့ ရည်ညွှန်းဈေးပါ။ ပြောချင်တာက ဒီဈေးတန်းရဲ့ အပေါ်ကနေ ဈေးခေါ်ပြီးတော့ အရောင်းအဝယ်လုပ်နိုင်တယ်။ ဒါကြောင့်ပဲ ရွှေဈေးက ဒီနှစ်ထဲမှာ ၃၈ သိန်းအထိ ဖြစ်ခဲ့တာ ရှိတယ်နော်။ အဲ့ဒါကနေ ပြန်ကျလာတာ အခုဆိုရင် ၂၆ သိန်းနဲ့ ၂၇ သိန်း ကြားမှာပဲ ရှိတော့တယ်။ ဒါက လပိုင်းအတွင်းမှာ ၁၀ သိန်းကျော် ပြုတ်ကျလာတာ။ အခု အရောင်းအဝယ်ဖြစ်နေတဲ့ ဒီဈေးနှုန်းက ကျနော့်အမြင်ပြောရရင် ရှိသင့်ရှိထိုက်တဲ့ နှုန်းထားပါ။ ဒါပေမဲ့ ရွှေအသင်းကထုတ်ပြန်တဲ့ အခြေခံရည်ညွှန်းဈေးနဲ့ ယှဉ်ရင်တော့ တကျပ်သားကို ကျပ် ၆ သိန်းကျော် ကွာတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်ရွှေဈေးကွက်မှာ လက်ရှိအရောင်းအဝယ် အခြေအနေကလည်း ဝယ်သူနဲ့ ရောင်းသူ အကြားမှာ မျှခြေရှိနေတာကြောင့် ရွှေဈေးက အတက်အကျမကြမ်းဘဲ ဈေးငြိမ်နေဖို့ အလားအလာရှိတယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက ခန့်မှန်းထားပါတယ်။

“ဈေးကွက်သဘောအရ အရောင်းများရင် ဈေးကျမယ်၊ အဝယ်များရင် ဈေးတက်မယ်။ ဒါက သူ့သဘာဝပဲ။ ဒါပေမဲ့ အခုအချိန်က သီတင်းကျွတ်ကာလ ရောက်ခါနီးဆိုတော့ ရွှေဆိုင်တွေမှာဆိုရင် ဘာတွေ့ရလဲဆိုရင် လက်ဝတ်လက်စားလေးတွေ ပြန်ပြီး အဝယ်ရှိလာတာ တွေ့ရတယ်။ ပြီးတော့ supply side ကကြည့်ရင်လည်း ရွှေတူးဖော်ရေး မိုင်းတွေဘက်က ရွှေအထွက် နည်းနည်းရှိလာတဲ့အတွက် ဈေးကွက်ထဲကို ဝင်လာတာတွေ တွေ့ရတယ်။ တခါ ပဲ၊ နှမ်း လှောင်ကုန်သမားတွေကလည်း အရင်က သူတို့ဝယ်ထားတဲ့ ရွှေတွေကို ပြန်ထုတ်လာပြီး ပဲ၊ နှမ်း လှောင်ကုန်တွေဘက်ကို ပြန်လှည့်လာကြတယ်။ ဒါကြောင့် ထွက်တဲ့ရွှေနဲ့ ဒီဘက်မှာ အဝယ်က မျှနေတယ်။ အဲ့တော့ ကမ္ဘာ့ရွှေဈေးက ရုတ်ချည်း မြင့်တက်သွားတာမျိုး ဒါမှမဟုတ် တခြား ပယောဂ အကြောင်းအမျိုးမျိုးကြောင့်သာ ရွှေဈေးက အပြောင်းအလဲ ဖြစ်နိုင်မယ်။ အဲ့လိုမှ မဟုတ်ရင်တော့ ပြည်တွင်းရွှေဈေးက အတက်အကျ မကြမ်းဘဲ ဈေးငြိမ်နေမယ်။”

ဒီကနေ့ အောက်တိုဘာ ၅ ရက် ညနေခင်းအချိန်ထိ ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁,၇၁၆ ဒေါ်လာ ရှိပါတယ်။ ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန်တဒေါ်လာ တန်ဖိုးက မြန်မာငွေ ၃,၀၀၀ ကျပ်စွန်းစွန်းနဲ့ အရောင်းအဝယ် ရှိနေပါတယ်။ ဗဟိုဘဏ်ကသတ်မှတ်တဲ့ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းက အမေရိကန် တဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နှုန်း သတ်မှတ်ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013