DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း အခေါက်ရွှေဈေး ကျပ် ၂၇ သိန်းအထက် ပြန်ရောက်
DVB
·
October 5, 2022
ပြည်တွင်း အခေါက်ရွှေဈေး ကျပ် ၂၇ သိန်းအထက် ပြန်ရောက်
Donate to DVB

တကျပ်သားကို ၂,၆၈၀,၀၀၀ ကျပ်နဲ့ မနေ့က ဈေးပိတ်ခဲ့တဲ့ ပြည်တွင်း အခေါက်ရွှေဈေးနှုန်းဟာ ဒီနေ့ အောက်တိုဘာ ၅ ရက်နေ့ ဈေးကွက်စဖွင့်ချိန်မှာ ကျပ် ၂၇ သိန်းအထက်ကို ရောက်ရှိလာပါတယ်။

ပြည်တွင်းဒေါ်လာငွေလဲနှုန်းနဲ့ ကမ္ဘာ့ရွှေဈေး ဆက်လက်အားကောင်းလာတာကြောင့် ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်လာတာ ဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ အခေါက်ရွှေ တကျပ်သားကို ၂,၇၂၀,၀၀၀ ကျပ်၊ ၁၅ ပဲရည် တကျပ်သားကို ၂,၅၆၀,၀၀၀ ကျပ်နဲ့ အရောင်းအဝယ် ပြုလုပ်နေတယ်လို့ ရန်ကုန် ရွှေဈေးကွက်အတွင်းက သိရပါတယ်။

စက်တင်ဘာ ပထမပတ်က စတင်ပြီး ဆက်တိုက်ကျဆင်းလာခဲ့တဲ့ မြန်မာ့ရွှေဈေးဟာ အောက်တိုဘာ ၁ ရက်နေ့မှာတော့ ၂၃ သိန်းဝန်းကျင်ထိ ကျဆင်းခဲ့ပြီးနောက် တရိပ်ရိပ် ပြန်လည်မြင့်တက်လာခဲ့ရာ ဒီနေ့ညနေပိုင်းမှာတော့ ကျပ် ၂၇ သိန်းအထက်ကို ပြန်လည် ရောက်ရှိလာတာပါ။

အလားတူ ဒေါ်လာငွေလဲနှုန်းကလည်း ပြင်ပငွေကြေးဈေးကွက်မှာ ဒီနေ့ နေ့လယ်ပိုင်း ဈေးအရ အမေရိကန် တဒေါ်လာကို ကျပ် ၃,၀၀၀ အထက်ကို ပြန်လည်ရောက်ရှိလာတယ်လို့ နိုင်ငံခြားငွေကြေး လဲလှယ်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကတော့ တဒေါ်လာကို မြန်မာကျပ် ၂,၅၀၀ ဝန်းကျင်ထိ ကျခဲ့ပါတယ်။

ကမ္ဘာ့ရွှေပေါက်ဈေးကလည်း ပြီးခဲ့တဲ့တပတ်က တအောင်စကို ဒေါ်လာ ၁,၆၂၀ ဝန်းကျင်မှာပဲ ရှိခဲ့ပေမဲ့ ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ တအောင်စကို ၁,၇၂၀ ဒေါ်လာထိ မြင့်တက်နေပါတယ်။

ဒီနေ့ ရန်ကုန်တိုင်း ရွှေအသင်းရဲ့ ရည်ညွှန်းဈေးနှုန်းကတော့ အခေါက်ရွှေ တကျပ်သားကို ၂,၀၁၄,၀၀၀ ကျပ်ဖြစ်ပြီး ပြင်ပဈေးကွက်ပေါက်ဈေးနဲ့ ကျပ် ၇ သိန်းဝန်းကျင် ကွာဟချက် ရှိပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကတော့ အခေါက်ရွှေ တကျပ်သားကို ကျပ် ၃၅ သိန်းအထက်ထိ သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးရောက်ရှိခဲ့ပြီး ပြင်ပဒေါ်လာငွေလဲနှုန်းက ကျပ် ၅,၀၀၀ နီးပါးထိ စံချိန်တင်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ရွှေဈေးနှုန်းကို ထိန်းညှိဖို့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ရွှေဒင်္ဂါးပြားတွေကို ထုတ်ရောင်းပေးခဲ့ပြီး စက်တင်ဘာ ၂၉ ရက်နေ့မှာလည်း ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ရွှေတုံး၊ ရွှေခဲ သုံးပိဿာစီကို စျေးပြိုင်တင်ဒါစနစ်နဲ့ ရောင်းချပေးမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ဈေးကွက်လိုအပ်ချက်ရှိသလောက် ရောင်းချပေးခဲ့တာ မဟုတ်တဲ့အတွက် စစ်ကောင်စီရဲ့ ရွှေတုံး၊ ရွှေခဲ၊ ရွှေဒင်္ဂါး ရောင်းချပေးတဲ့ အစီအစဉ်ဟာ ပြည်တွင်းရွှေဈေးနှုန်းအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013