အိန္ဒိယရုပ်ရှင်အနုပညာရှင်တွေ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးအယူအဆ ကွဲလွဲ
DVB
·
April 30, 2014
အိန္ဒိယရုပ်ရှင်အနုပညာရှင်တွေ အခုနှစ် အိန္ဒိယရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်သောက ဖြစ်မှုတွေကို အိန္ဒိယရွေးကောက်ပွဲသမိုင်းမှာ ပထမဆုံးထုတ်ဖော်ခဲ့ကြပြီး နိုင်ငံရေးအယူအဆ ကွဲခဲ့ကြပါတယ်။
သူတို့တွေဟာ လူထုကြား အယူဝါဒကွဲစေနိုင်မယ့် ရွေးကောက်ပွဲကိုယ်စားလှယ်ကို မဲမပေးပဲ ပိုပြီးမြင့်မြတ်တဲ့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေကို မဲပေးကြဖို့ လူထုကို စည်းရုံးတိုက်တွန်း နေကြပါတယ်။
၂၀၀၂ ခုနှစ်က အိန္ဒိယနိုင်ငံ ဂူဂျရတ်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအဓိကရုန်းတွေမှာ တာဝန်မကင်းခဲ့သူလို့ စွပ်စွဲခံရတဲ့ ၀န်ကြီးချုပ်ကိုယ်စားလှယ်လောင်းကို မရွေးချယ်ကြဖို့ အိန္ဒိယအနုပညာရှင်တွေ ကြိုးစားနေကြပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥဒါမရဒေ့ခ်ျပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ်ပွဲတခုမှာ အိန္ဒိယ နာမည်ကျော် ဘော်လီးဝုဒ်ရုပ်ရှင်မင်းသမီးတဦး သူပါဝင်ခဲ့တဲ့ ရုပ်ရှင်တကားထဲက စကားတွေကို မဲဆွယ်ပွဲလာ ပရိသတ်တွေကို ပြန်ရှင်းပြနေပါတယ်။ ပြီးတော့ ရုပ်ရှင်မင်းသမီးက ကွန်ဂရက်ပါတီကို မဲပေးဖို့ မဲဆွယ်ပွဲလာပရိသတ်တွေကို တိုက်တွန်းခဲ့ပါတယ်။
ဝါရင့်သတင်းထောက်တဦးဖြစ်တဲ့ ပရီယာဒါရှန် က ရွေးကောက်ပွဲတွေမှာ ဘော်လီးဝုဒ် ရုပ်ရှင် အနုပညာရှင်တွေကို မဲဆွယ်သူတွေအဖြစ် အခုလိုပဲ အသုံးချကြတယ်လို့ ပြောပါတယ်။
“ရုပ်ရှင်အနုပညာရှင်တွေက ကျနော်တို့လူထု တဦးချင်းပေါ်မှာရော၊ လူမှုအသိုင်းအ၀ိုင်းတခုလုံးမှာပါ လွှမ်းမိုးမှု ကြီးတာကြောင့် ကျနော်တို့ စဉ်းစားတွေးခေါ်မှုမှာပါ အကျိုးသက်ရောက်မှုကြီးပါတယ်။ လူထုနားထဲကို တိုက်ရိုက်ရောက်တာကြောင့် သူတို့ရဲ့ ပြောတဲ့စကားတွေက အရေးကြီးပါတယ်”လို့ ပြောပါတယ်။
ဒါကြောင့်လည်း ရုပ်ရှင်အနုပညာရှင်တွေဟာ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ လူတွေက ယူဆကြတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် ဒီနှစ်ရွေးကောက်ပွဲမှာတော့ အဲ့ဒီအယူအဆက ပြောင်းသွားပါပြီ။ လူမျိုးဘာသာခွဲခြားမှု ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကို လက်မခံပဲ အယူဝါဒအစွဲကင်းတဲ့ နိုင်ငံရေးပါတီကို မဲပေးရွေးချယ်ဖို့ တောင်းဆိုသူ ရုပ်ရှင်အနုပညာရှင်တွေထဲ ဇာတ်ညွန်းရေးဆရာ အာဂျွန်း ရာဘလီ လည်း ပါဝင်ခဲ့ပါတယ်။
ဇာတ်ညွန်းရေးဆရာ အာဂျွန်း ရာဘလီ က “အိန္ဒိယနိုင်ငံကို စည်းလုံးမှုကို ပေးနေတာ၊ ကွဲပြားခြားနားမှုတွေရောပြွန်းတဲ့ အိန္ဒိယနိုင်ငံမှာ လူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြတာဟာ အယူဝါဒအစွဲကင်းလို့ဖြစ်ပါတယ်။ အဲ့ဒီ အရေးကြီးတဲ့အချက်ဟာ လူတွေကြားမှာ ပျောက်နေတယ်။ အဲ့ဒါ အတော်လေးဆိုးတယ်။ ဒါကြောင့် လူတွေ မဲပေးတဲ့အခါမှာ အဲ့ဒီအချက်လေးကို သတိရဖို့ အခုလို တောင်းဆိုချက် ထုတ်ပြန်ရတာဖြစ်ပါတယ်”လို့ ဆိုပါတယ်။
တောင်းဆိုချက်ထဲမှာ ဘယ်ပါတီ၊ ဘယ်ရွေးကောက်ပွဲကိုယ်စားလှယ်လို့တော့ အသိအလင်း တိုက်ရိုက်ပြောဆိုတာမဟုတ်ပေမယ့် ရုပ်ရှင်မင်းသမီး နန်ဒီကာ ဒတ်စ် က “ဟိုးတုံးကလည်း လူမျိုးဘာသာခွဲခြားမှုတွေလုပ်ခဲ့တယ်။ အခုလည်း အဲ့ဒါမျိုးတွေ ဆက်လုပ်နေတဲ့ မစ္စတာ မိုဒီ နဲ့ တခြားအလားတူပါတီတွေကို မဲမပေးဖို့ တောင်းဆိုတာပဲဖြစ်ပါတယ်။ ဒါတွေက လွယ်လွယ်နဲ့ ပျောက်ပျယ်သွားမှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
နာရမ်ဒရာ မိုဒီဟာ လက်ရှိအိန္ဒိယ၀န်ကြီးချုပ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ဟိန္ဒူ အမျိုးသားပါတီနဲ့ အဓိကအတိုက်အခံပါတီ ဘီဂျေပီပါတီရဲ့ ကိုယ်စားလှယ်ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျရတ်ပြည်နယ်မှာ ၂၀၀၂ ခုနှစ်က မွတ်စလင် ၂၀၀၀ လောက်သေဆုံးခဲ့ရတဲ့ အဓိကရုန်းတွေဖြစ်ပွားမှုမှာ မိုဒီဟာ အားပေးအားမြောက်လုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။
သူ့ကို မဲမပေးဖို့ စည်းရုံးတောင်းဆိုကြတဲ့ ရုပ်ရှင်အနုပညာရှင်တွေနဲ့ သူ့ကို မဲပေးဖို့ မဲဆွယ်စည်းရုံးနေတဲ့ ဘော်လီးဝုဒ်ရုပ်ရှင်အနုပညာရှင်တွေ ထိပ်တိုက်တွေ့ကြပါတော့တယ်။
ရုပ်ရှင်ဒါရိုက်တာ အရှုပ်ပန်ဒီပ် က “သူတို့တွေဟာ မိုဒီ ကို ဗြောင်တိုက်ခိုက်သူတွေပါ။ ကြိုက်တာ၊ မကြိုက်တာကတော့ သူ့တို့ရဲ့ စိတ်ခံစားမှုနဲ့ဆိုင်တာမို့ ပြောစရာမရှိပါဘူး။ ဒါပေမယ့် လူမျိုးရေးတွေ၊ ဘာသာရေးတွေ၊ အယူဝါဒအစွဲတွေ အဲ့လိုစကားလုံးတွေသုံးတော့ နိုင်ငံရေးသမားတွေလား။ ကျနော်တို့က မိုဒီကို ထောက်ခံတယ်။ အိန္ဒိယ၀န်ကြီးချုပ်အဖြစ် ရွေးချယ်တာ ကျနော့်ရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ဖြစ်ပါတယ်”လို့ ပြောပါတယ်။
မိုဒီကို ထောက်ခံသူနောက်တဦးဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ မဒူးဘန်ဒါကာ ကလည်း မိုဒီကို မဲမထည့်ဖို့ တောင်းဆိုမှုတွေဟာ အိန္ဒိယရုပ်ရှင်လောကကို နှစ်ခြမ်းကွဲစေပြီး အယူဝါဒ အစွဲမရှိဘူး ဆိုတဲ့ အိန္ဒိယရုပ်ရှင်ရဲ့ ပုံရိပ်ဟာလည်း ပျောက်ကွယ်ခဲ့ရပြီလို့ ပြောဆိုပါတယ်။
“မိုဒီကို မဲထည့်ရေးစည်းရုံးပွဲကိုလိုက်ပြီး မဲထည့်ဖို့တောင်းဆိုခဲ့တာလား။ ဘာဖြစ်လို့ ဒီရုပ်ရှင် လောကကို ဘယ်သူကို မဲထည့်ဖို့ ပြောရတာလဲ။ သူတို့ အသိညာဏ်ရှိပါတယ်။ သူတို့ပေးမယ့် မဲပြား ဘယ်သူနဲ့ထိုက်တန်တယ်ဆိုတာ။ အခုလိုမဲဆွယ်စည်းရုံးတော့ ဒီရုပ်ရှင်လောကသားတွေ ကို သွေးကွဲစေပြီး အယူဝါဒအစွဲကင်းတယ်ဆိုတဲ့ကိစ္စဟာ အများက မေးစရာဖြစ်လာပါတယ်။”
ဘီဂျေပီပါတီက အိန္ဒိယနိုင်ငံမှာ မိုဒီကို ထောက်ခံရေးတွေ ၀ါဒဖြန့်မှုတွေ ရှိနေတယ်လို့ ပြောဆိုပြီး ဒေသခံမီဒီယာတွေက လုပ်ဆောင်နေတယ်လို့ ပြောဆိုပါတယ်။
မီဒီယာအဖွဲ့အစည်းတွေကောက်ခံခဲ့တဲ့ လူထုစစ်တမ်းတွေအရ မိုဒီ ရွေးကောက်ပွဲကို အေးအေးဆေးဆေးအနိုင်ရနိုင်တယ်ဆိုပေမယ့် အဲ့ဒီစစ်တမ်းတွေရဲ့ ခိုင်မာမှုကိုလည်း အများက မေးခွန်းထုတ်နေကြပါတယ်။
မိုဒီ အိန္ဒိယ၀န်ကြီးချုပ်ဖြစ်လာနိုင်တယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း ပေါပေါက်လာပါတယ်။
ဗြိတိန်နိုင်ငံရောက် အိန္ဒိယနိုင်ငံဖွား ပညာတတ်တွေနဲ့ အနုပညာရှင်တွေက သူတို့ရဲ့ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပြီး မိုဒီ သာ ရွေးကောက်ပွဲမှာ အနိုင်ရရှိရင် နိုင်ငံ့အနာဂါတ်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။
စာရေးဆရာ၊ သတင်းစာဆရာ ပရာဒိ ဆော်ရတ် က “အခုပြောချင်တာက နိုင်ငံရေးပါတီတခုကို ထောက်ခံတာ၊ ဆန့်ကျင်တာလောက်ကို ပြောချင်တာမဟုတ်ပါဘူး။ အနုပညာရှင်တွေဟာ ဘယ်ပါတီ၊ ဘယ်နိုင်ငံရေအယူအဆကိုမှ ထောက်ခံအားပေးတာ မရှိပါဘူး။ တကယ်ကို စိုးရိမ်လို့သာ ထုတ်ဖော်ပြောဆိုကြတာပါ။ အိန္ဒိယနိုင်ငံ အခုလိုစုစုစည်းစည်းနဲ့ သွားနေနိုင်တာ အိန္ဒိယပြည်သူတွေ အယူဝါဒအစွဲကင်းလို့ပါ။ အခုဟာက အိန္ဒိယလူထုအကြား အကွဲအပြဲအန္တရာယ်ကို မြင်နေရတယ်။ ဒါကို အနုပညာအသိုင်းအ၀ိုင်းက ပြောဆို ထောက်ပြနေတယ်ဆိုတာ သူတို့က မြင်နေလို့ပါ”လို့ ပြောဆိုခဲ့ပါတယ်။
အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဘစ်မီလာဟာ ဂီလာနီ က နယူးဒေလီမြို့က တင်ပြခဲ့တာပါ။