DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေးဘဏ်တွင် အပ်ထားသူများ တိုးနှုန်းမြင့် ပုဂ္ဂလိကဘဏ်များထံ ရွှေ့ပြောင်းလာကြ
DVB
·
October 4, 2022
မြန်မာ့စီးပွားရေးဘဏ်တွင် အပ်ထားသူများ တိုးနှုန်းမြင့် ပုဂ္ဂလိကဘဏ်များထံ ရွှေ့ပြောင်းလာကြ
Donate to DVB

ပုဂ္ဂလိကပိုင်ဘဏ်တွေက အတိုးနှုန်းတွေကို အပြိုင်အဆိုင် တိုးမြှင့်ပေးပြီး ဆွဲဆောင်လာတာကြောင့် အတိုးနှုန်းနည်းတဲ့ အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံထားတဲ့ ငွေတွေကို အတိုးနှုန်းမြှင့်မားတဲ့ ပုဂ္ဂလိကဘဏ်တွေဆီ ရွှေ့ပြောင်းလာကြတယ်လို့ ဘဏ်နဲ့နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီအပေါ် အယုံအကြည် မရှိတာကြောင့် မိမိပိုင်ငွေကြေးတွေ မဆုံးရှုံးစေဖို့ ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေကြေးတွေကို အပြိုင်အဆိုင် ထုတ်လာတဲ့အတွက် ဘဏ်တွေက ငွေထုတ်ယူမှုအပေါ် ကန့်သတ်ခဲ့ပါတယ်။ 

ဒီကန့်သတ်မှုက ဘဏ်တွေအပေါ် ထားရှိတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကို လျော့ကျလို့ လာစေပါတယ်။ ဒါကြောင့်ပဲ ဘဏ်တွေဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိဖို့အတွက် ဘဏ်တိုးနှုန်းတွေကို တိုးမြှင့်ပေးပြီး ဆွဲဆောင်လာပါတယ်။

ခရိုနီတဦးဖြစ်တဲ့ ဦးတေဇ ပိုင်ဆိုင်တဲ့ AGD ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ တိုတောင်းတဲ့ သက်တမ်းအတွင်း ငွေစုပြီး ပိုများတဲ့ အတိုးကို ကြိုယူဖို့အတွက် ကြိုယူအကောင့်နဲ့ လာရောက် ငွေစုကြဖို့ ဖိတ်ခေါ်ထားပါတယ်။ 

စုဆောင်းငွေနဲ့ပတ်သက်ပြီး ကျပ် သိန်း ၅၀ အောက် ငွေအပ်နှံသူတွေအတွက် ငွေစုသက်တမ်း ၁ လမှ ၃ လအထိကို အတိုးနှုန်းက ၉ ဒသမ ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ကျပ်သိန်း ၅၀ အထက် ငွေအပ်နှံသူတွေကိုတော့ ၉ ဒသမ ၃၅ ရာခိုင်နှုန်း ပေးမယ်လို့ ဆိုပါတယ်။

အလားတူ ဦးအောင်ကိုဝင်း ပိုင်ဆိုင်တဲ့ KBZ ဘဏ်ကလည်း ရက်ပေါင်း ၉၀ အထိ စာရင်းသေ အပ်ငွေ စာရင်းအတွက် အတိုးနှုန်းက ၉ ရာခိုင်နှုန်း သတ်မှတ်ထားတဲ့အပြင် အကယ်လို့ ရက်ပေါင်း ၁၈၀ အထိ ထားရှိပါက အတိုးနှုန်းကို ၉ ဒသမ ၂၅ ရာခိုင်နှုန်း ရရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။

အစိုးရနဲ့ပုဂ္ဂလိက ဖက်စပ်ပိုင်ဆိုင်တဲ့ CB ဘဏ်ကလည်း ရက်ပေါင်း ၁၀၀ အပ်နှံငွေအတွက် အတိုးနှုန်းကို ၉ ဒသမ ၁ ရာခိုင်နှုန်း ပေးမယ်လို့ ကြေညာထားပြီး အနိမ့်ဆုံးအပ်နှံငွေက ကျပ် သန်း ၁၀၀ သတ်မှတ်ထားပါတယ်။

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တွေက ဘဏ်တိုးနှုန်းတွေကို အခုလို အပြိုင်အဆိုင် တိုးမြှင့်ပေးလာတဲ့အတွက် ဘဏ်တိုးနှုန်းနည်းတဲ့ အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံထားရှိတဲ့ အသင်းအဖွဲ့ပိုင် ငွေကြေးတွေကို အတိုးနှုန်းမြှင့်မားတဲ့ ပုဂ္ဂလိကဘဏ်တွေဆီ ရွှေ့လာကြပါတယ်။

ပုဂ္ဂလိက ဘဏ်တွေနဲ့နီးစပ်တဲ့လုပ်ငန်းရှင်တဦးက “အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်ဆို ဘဏ်တိုးနှုန်းက ၅ ရာခိုင်နှုန်းပဲ ပေးတာလေ။ အဲ့လိုပေးလို့ ဒီမနက်ကပဲ အဲ့ဒီဘဏ်ဆီ ရောက်တော့ တော်တော်များများ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေက မြန်မာ့စီးပွားရေးဘဏ်မှာ သူတို့ ငွေတွေ မထားတော့ဘဲ အတိုးနှုန်းများတဲ့ ပုဂ္ဂလိကဘဏ်တွေဆီ ရွှေ့လာကြတာ တွေ့လာရတယ်။ ပုဂ္ဂလိကဘဏ်တွေက  ၉ ရာခိုင်နှုန်းအထိ ပေးလာကြတော့ အဲ့ဒီဘက်ကို ရွှေ့လာကြတာ။ ဒါကလည်း အမှန်ကတော့ဗျာ၊ အထွေအထူး အပြောင်းအလဲတော့ မရှိပါဘူး။ ကျနော်မြင်တာက အတိုးလေး ပိုပေးတဲ့အခါ အကို့ရဲ့ ပိုက်ဆံကို ညီမက အတိုး ပိုပေးမယ်ဆိုလို့ ညီမ ဆီ ရောက်သွားတယ်။ ဒီသဘောပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပုဂ္ဂလိကဘဏ်တွေက အခုလို မက်လုံးပေးဆွဲဆောင်လာတဲ့အတွက် အပြင်မှာ ရောက်နေတဲ့ ငွေတွေဟာ ဘဏ်တွေထဲဆီ ပြန်ရောက်သွားတာကြောင့် ကောင်းတဲ့ အချက်လို့ ဆိုရမှာ ဖြစ်ပေမဲ့ ဘဏ်တွေဘက်က သမာသမတ်ကျကျ လုပ်ဆောင်ဖို့ လိုပါတယ်။

ဘဏ်နဲ့ငွေကြေးဆိုင်ရာ လေ့လာသူ တဦးက “အခုဆိုရင် အပြင်မှာ ငွေသား ကိုင်ထားတဲ့သူတွေကလဲ အဲ့ဒီငွေတွေကို အပြင်မှာ ဒီအတိုင်း မထားတော့ဘူး။ အတိုးနှုန်းများတဲ့ ဘဏ်မှာ Account ဖွင့်ပြီး သွားထားကြတာမျိုးတွေ ရှိလာကြမယ်။ ဆိုတော့ အပြင်မှာ ရောက်နေတဲ့ ပိုက်ဆံက ဘဏ်ထဲ ပြန်ရောက်သွားတာပေါ့။ အိမ်မှာ ဒီအတိုင်းထားရင် အဲ့ငွေက အတိုး မရဘူးလေ။ ဒါပေမဲ့ တခု ရှိတာက ဘဏ်တွေအနေနဲ့ သတ်မှတ်ကာလမှာ အချိန်မရွေး ပြန်ထုတ်နိုင်အောင် သမာသမတ်ကျကျ လိုက်နာဖို့တော့ အရေးကြီးတယ်။ နို့မို့ဆိုရင် ဘဏ်အပေါ် ယုံကြည်မှုက ပိုဆိုးသွားလိမ့်မယ်နော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီ့အပြင် “ဒါပေမဲ့ အခုတိုးပေးတဲ့ အတိုးနှုန်းက အရင်က အတိုးနှုန်းကို မမီသေးဘူးနော်။ အရင်တုန်းကဆိုရင် ကျနော်တို့ကို ပေးတဲ့ ဘဏ်တိုးနှုန်းက ၁၀ ရာခိုင်နှုန်းတောင် ရှိခဲ့တာ။ Saving Account တွေကလေ။ ပြီးတော့ ပုံမှန်ထားရှိတဲ့ account တွေဆို ၈ ရာခိုင်နှုန်းဆိုပေမယ့် Fix Deposit Account ဆိုရင် ၁၀ ရာခိုင်နှုန်း ရှိတယ်။ ဒါက ပြီးခဲ့တဲ့ ၄ နှစ် ၅ နှစ်က အခြေအနေပေါ့။ အဲ့ဒါကို ဗဟိုဘဏ်က ၇ ရာခိုင်နှုန်း သတ်မှတ်လိုက်ပြီးတော့ ဒီအပေါ်မှာ ၂ ရာခိုင်နှုန်း အပို ၂ ရာခိုင်နှုန်း အလျှော့ ဆိုပြီး ပြန်ပြောင်း သတ်မှတ်ပြီး ဘဏ်တိုးနှုန်းတွေကို ပြန်ချခဲ့တာ” လို့ သူက ဆက်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013