DVB Logo
Home
မြန်မာသတင်း
အခက်အခဲများကြုံသော်လည်း နောင်တမရဟု CDM ပညာရေးဝန်ထမ်းများ ပြော
DVB
·
October 2, 2022
အခက်အခဲများကြုံသော်လည်း နောင်တမရဟု CDM ပညာရေးဝန်ထမ်းများ ပြော
Donate to DVB

တော်လှန်ရေးကာလမှာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့် စားဝတ်နေရေးနဲ့ လုံခြုံရေးအခက်အခဲကို အများစု ကြုံတွေ့ခဲ့ရပေမယ့် နောင်တမရဘူးလို့ ပညာရေးဝန်ထမ်းတွေက စစ်တမ်းမှာ ဖြေဆိုကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက CDM ပညာရေး ဝန်ထမ်းတွေရဲ့ အတွေ့အကြုံကို ဒီလအစပိုင်းမှာ စစ်တမ်းကောက်ယူခဲ့ပြီး အများစုကတော့ မတရားမှုကို ခေါင်းငုံ့မခံချင်တာ၊ နိုင်ငံသားလွတ်လပ်ခွင့်ဆုံးရှုံးမှာနဲ့ အာဏာသိမ်းတာကို မကြိုက်တာကြောင့် တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်တမ်းကို ဖြေဆိုသူ CDM ဝန်ထမ်းတွေရဲ့ ထက်ဝက်‌ကျော် ၅၉ ရာခိုင်နှုန်းဟာ အကူအညီ အထောက်အပံ့တွေမရဘူးလို့ ဖြေဆိုထားကြပြီး ဖြေဆိုသူ ၉၉ ရာခိုင်နှုန်းက တော်လှန်ရေးမှာပါလို့ နောင်တမရဘူးလို့ ဆိုပါတယ်။

တချို့ကတော့ မဲမသမာဘူးလို့ စစ်တပ်ကစွပ်စွဲတာကြောင့် သိက္ခာထိပါးခံရလို့ CDM လုပ်ကြတယ်လို့ ဖြေဆိုကြပြီး ဒီလိုဖီဆန်လိုက်တဲ့အတွက်လည်း လုံခြုံရေး၊ စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခက်အခဲကြုံတွေ့ရတယ်လို့ အများစုက ဖြေဆိုကြပါတယ်။

တချို့ကတော့ အနာဂတ်အတွက် စိုးရိမ်ပူပန်ရတာ၊ မိသားစုဖိအားနဲ့ လူမှုရေးအခက်အခဲတွေ ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။

အကူအညီရခဲ့ကြသူတွေရဲ့ ၇၄ ရာခိုင်နှုန်းဟာ ငွေကြေး၊ ၁၁ ရာခိုင်နှုန်းက အခြေခံ စားသောက်ကုန်တွေ၊ ၉ ရာခိုင်နှုန်းက လုံခြုံတဲ့ နေရာထိုင်ခင်းတွေရခဲ့ကြတယ်လို့ ဆိုပါတယ်။

CDM ဝန်ထမ်းတွေရဲ့ ထက်ဝက်နီးပါးလောက်က စားဝတ်နေရေး အခက်အခဲကို ကြုံကြရပြီး ဈေးရောင်းတာ၊ အလုပ်သစ်ရှာတာနဲ့ ခြိုးခြံချွေတာပြီး ဖြေရှင်းကြတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ တချို့ကတော့ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ အကူအညီ၊ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဖြေရှင်းနိုင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဖြေဆိုသူအားလုံးနီးပါးက တော်လှန်ရေးအောင်မြင်မယ်လို့ယုံကြည်ကြပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်တာ၊ စိတ်ဓာတ်နဲ့ စည်းလုံးမှုက အရေးအကြီးဆုံးလို့လည်း ဆိုကြပါတယ်။

ဒါ့အပြင် ၉၆ ရာခိုင်နှုန်းဟာ တော်လှန်ရေးပြီးရင် ပညာရေးဝန်ထမ်းအဖြစ် ဆက်လုပ်ကြဖို့လည်း ဆန္ဒပြုထားကြပါတယ်။

ပညာရေး CDM ဝန်ထမ်းတယောက်က “ကျနော်ကတော့ ပြန်လုပ်မှာ။ ဘာလို့ ပြန်လုပ်မှာလဲဆိုရင် ကျနော်တို့က တရားဝင်ဝန်ထမ်းလေနော်။ ထုတ်ရအောင် ဘာပြစ်မှုမှ မကျူးလွန်ထားဘူး။ နောက်ပြီး နိုင်ငံတော်အဆင့် ပုန်ကန်မှုမှာတောင် အမှန်တရားဘက်မှာ ရဲရဲတင်းတင်း မနေနိုင်တဲ့ သူတွေဆီကနေ ကျနော်တို့ကလေးတွေ ဘာရမှာလဲ။ နောက်ထပ် မအလ လို လူမျိုးတွေ ထပ်မွေးဖွားလာဖို့ မလိုချင်ဘူး။ စစ်ကို ကျနော်တို့မျိုးဆက်မှာ အဆုံးသတ်ရမယ်။ အဆုံးသတ်ဖို့ တခုတည်းသော အဖြေက ပညာရေးပဲ။ အဲတော့ အဓမ္မကို အဓမ္မပါလို့ ပြောရဲတဲ့သူတွေ လိုအပ်တယ်။ ဒါကြောင့် ကျနော် အလုပ်ပြန်ဝင်မယ်” လို့ ပြောပါတယ်။

ဖြေဆိုသူအများစုက NUG ရဲ့ ပညာရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကို အားရတယ်လို့ ဖြေဆိုထားပါတယ်။

ပညာရေး CDM ဝန်ထမ်းတယောက်က “ရုံးမတက်နဲ့ ရုန်းထွက်လို့ အော်ခဲ့တဲ့ ပြည်သူတွေဆီကနေ တကယ်ထွက်လာတော့ အခက်အခဲတွေကို အတူတူ ရင်ဆိုင်ကြမယ့်အစား မသိချင်ယောင်​ဆောင်တာတွေ။ နာကျင်ရတာတွေ များလွန်းတာမို့ အားတင်းထားပါဆိုတဲ့ စကားတွေက ကျနော်တို့အတွက် အဆင်မပြေနိုင်ဘူး။ ပြီးတဲ့အခါ နိုင်ငံအဆင့်ပုန်ကန်မှုကို နှုတ်ဆိတ်နေခဲ့ပြီး အဲယန္တရားကို လည်စေခဲ့တဲ့သူတို့အားလုံးကို အရေးယူပြီး မောင်းချတဲ့အချိန်ကို မြင်ရဖို့ အားတင်းထားကြမယ်။ ရရာအလုပ်တွေကို ဝင်လုပ်ရင်း နာကျင်မှုကိုတွေကို မှတ်တမ်းတင်ထားကြပါပေါ့” လို့လည်း CDM ဝန်ထမ်းတွေကို အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013