DVB Logo
Home
မြန်မာသတင်း
လုံခြုံငြိမ်းချမ်းဖွံ့ဖြိုးသော ရခိုင်ပြည်နယ်ဖြစ်ပေါ်ရေး အတွင်းအပြင် ညီညွတ်ရန်လိုအပ်
DVB
·
April 29, 2014
လုံခြုံငြိမ်းချမ်းဖွံ့ဖြိုးသော ရခိုင်ပြည်နယ်ဖြစ်ပေါ်ရေး အတွင်းအပြင် ညီညွတ်ရန်လိုအပ်
Donate to DVB

လုံခြုံငြိမ်းချမ်းဖွံ့ဖြိုးတဲ့ ရခိုင်ပြည်နယ် ဖြစ်ပေါ်ဖို့အတွက် ပြည်တွင်းပြည်ပ ရခိုင်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေ စည်းလုံးညီညွတ်ဖို့ လိုအပ်တယ်လို့ ရခိုင်ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှာ လက်ရှိကျင်းပနေတဲ့ ရခိုင်အမျိုးသားညီလာခံ ဒုတိယနေ့မှာ ရခိုင် အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဦးဆောင် ဆွေးနွေးပြီး အခုလို ထည့်သွင်း ပြောကြားလိုက်တာပါ။

2Rakhaing National Confrence27042014သူ့အနေနဲ့ ရခိုင်လူမျိုးတို့ရဲ့ အတိတ်သမိုင်းကြောင်းက သင်ခန်းစာယူစရာ ၊ လက်ရှိပစ္စုပ္ပန် နိုင်ငံရေး အခြေအနေနဲ့ အနာဂတ်အတွက်ပုံဖော်ခြင်း စသဖြင့် ဆက်စပ်ရှင်းပြခဲ့ပြီး ပြည်သူတွေ ကလည်း အတွင်းအပြင်ညီညွတ်ရေးကို မြင်လိုတယ်လို့လည်း ဒေါက်တာအေးမောင်က အခုလိုပြောပါတယ်။

“အဓိကတော့ လုံခြုံငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင်ပြည်နယ်ဖြစ်ဖို့ ကျနော်တို့ ပန်းတိုင် ရည်မှန်းချက်တွေကို မူဘောင်တခုအတွင်းမှာ သတ်မှတ်ပြဋ္ဌာန်းနိုင်ရမယ်။ ရေတို ရေရှည် မဟာဗျူဟာ ရှိရမယ်။ နည်းဗျူဟာ ကျကျ ချည်းကပ်နိုင်မှပဲ ရခိုင်တမျိုးသားလုံးရဲ့ လုံခြုံငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ အမျိုးသားနိုင်ငံရေး ဦးတည်ချက်ပန်းတိုင်ကို ရောက်နိုင်မယ်ဆိုတာမျိုးကို ဆွေးနွေးတာပါ။”

ဆက်လက်ပြီး ဒေါက်တာအေးမောင်က ရခိုင်နိုင်ငံရေး ပန်းတိုင်ရည်မှန်းချက်မှာလည်း ခေတ်ကာလ အခြေအနေပေါ် မူတည်ပြီး တလှမ်းချင်းလှမ်းသင့်ကြောင်း၊ ပြီးခဲ့တဲ့ ကာလတွေမှာဆိုရင် ရခိုင်ပြည်နယ် လွတ်မြောက်ရေးဆိုတဲ့ ဦးတည်ချက်ကို သုံးခဲ့ပေမယ့် အခုပြည်ထောင်စုနဲ့အတူ လျှောက်လှမ်းတဲ့အခါမှာ ရခိုင်ပြည်ရဲ့ နိုင်ငံရေးဟာ ပြည်ထောင်စု နိုင်ငံရေးရဲ့ အစိပ်အပိုင်းတခုဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒီလိုလျှောက်လှမ်းရာမှာလည်း ရခိုင်အဖွဲ့အစည်းနဲ့ ပြည်သူတွေကြား စစ်မှန်တဲ့ ညီညွတ်မှုလိုအပ်ကြောင်း၊ လွှတ်တော်ကဏ္ဍမှာဆိုရင်လည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု လွှတ်တော် ဖြစ်မှ အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြောင်းလဲနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီကနေ့ဆွေးနွေးပွဲမှာ လူမှုစီးပွားရေးကိစ္စ၊ တည်ငြိမ်အေးချမ်းတဲ့ ရခိုင်ပြည်နယ်ဖြစ်ဖို့ လိုအပ်ချက်တွေ၊ ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး စတဲ့ကိစ္စတွေပါ အုပ်စုလိုက်ခွဲပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မြောက်ဦး၊ မင်းပြား၊ မြေပုံ နဲ့ ကျောက်တော်စတဲ့ မြို့နယ်က ကိုယ်စားလှယ်တွေကလည်း သူတို့ဒေသဘက်က အခြေအနေနဲ့ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။

ဒီကနေ့ ညီလာခံကို ရခိုင်နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်း၊ လူမှုအခြေပြုအဖွဲ့အစည်း၊ ပညာရှင်တွေ၊ ပြည်သူလူထုကိုယ်စားလှယ်တွေ၊ အမျိုးသမီးအဖွဲ့တွေပါ စုစုပေါင်း ၇၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ရခိုင်အမျိုးသားညီလာခံကြီးကို ဧပြီ ၂၇ ရက်နေ့ကနေ မေလ ၁ ရက်နေ့ထိ ၅ ရက်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013