
မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်အား PLA က ၈ ရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်ရေးဒရုန်း တစင်းအပါအဝင် စစ်အသုံးအဆောင်အချို့နဲ့ ခဲယမ်းအနည်းအငယ် သိမ်းဆည်းရမိခဲ့တယ်လို့ PLA က ဒီနေ့ ဧပြီ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ လွှစင်ကျေးရွာကနေ အင်အား ၈၀ ခန့်နဲ့ စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး ဧပြီ ၁ ရက်နေ့မှာ နတ်မောက်မြို့နယ်အတွင်း ဝင်ရောက်လာစဉ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုဟာ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ယောက်ခန့် ထိခိုက်နိုင်ခြေရှိတယ်လို့ PLA က ဆိုပါတယ်။
ဧပြီ ၃ ရက်နေ့မှာလည်း နတ်မောက်မြို့နယ်၊ ကျောက်အိုးရွာအနီးမှာ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနည်းဆုံး ရန်သူ ၂ ယောက် ထိခိုက်နိုင်ခြေရှိတယ်လို့လည်း ဆိုပါတယ်။
ဧပြီ ၇ ရက်နေ့မှာတော့ နတ်မောက်မြို့နယ်၊ ဒီးဒုတ်ခင်ရွာအနီးမှာ PLA ရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေတုန်း စစ်ကောင်စီတပ်ဘက်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကို PLA ဘက်က ပြန်လည်ပစ်ခတ်ခဲ့ရာ အနီးဝန်းကျင်ကို ပျက်ကျသွားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၈ ရက်တာအတွင်း ဖြစ်ပွားခဲ့တဲ့ ကြားဖြတ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဆီကနေ တိုက်ခိုက်ရေးဒရုန်းတစင်း၊ ဆေးဝါး၊ ခဲယမ်းအနည်းငယ်နဲ့ စစ်အသုံးအဆောင် ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီတိုက်ပွဲတလျှောက်လုံးမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဘက်က ရဲဘော်တွေ ထိခိုက်ကျဆုံးမှု လုံးဝမရှိခဲ့ဘူးလို့ ဆိုပါတယ်။










